သံသရာခရီးသည်
ငါ့ရဲ့ခရီးလမ်းက
ဘယ်ထိရှည်လဲ ငါမသိချင်ဘူး ..
ငါ့ရဲ့ အချိန်တွေ
ဘယ်လောက်ကျန်သေးလဲ ငါမသိချင်ဘူး ..
ငါ့ မျှော်လင့်ချက်တွေ
ဘယ်နေ့ပြည့်မလဲ ငါ မတွေးချင်ဘူး ..
ငါ့သောကတွေ
ဘယ်ချိန်ကင်းဝေးမလဲ ငါ မစဉ်းစားချင်ဘူး ...
ငါ လျှောက်နေတဲ့လမ်းမှာ
ငါ သွားနေတဲ့ခရီးမှာ
ငါ့ပန်းတိုင်မရောက်သေးသမျှ
တွေ့သမျှလူ ကူညီ
သူတို့လိုတာပေး
သူတို့အတွက် ရေတစ်စက်အဖြစ်
ငါရပ်တည်အုံးမှာပါ။
ငါ့လိုဒဏ်ရာတွေနဲ့  ...
ငါ့လို အနာတွေနဲ့  ..
ငါ့လို မျက်ရည်တွေနဲ့  ....
ငါ့လို လမ်းပျောက်မသွားအောင် ....
ငါ့လို စိတ်ဓာတ်မပြိုလဲအောင် ...
သွန်သင်ပေးအုံးမှာပါ။
အလဲလဲ အကွဲကွဲနဲ့
ငတ်တလှည့် ပြတ်တလှည့်
ငါသွားနေတဲ့ အချိန်မှာ
ကူညီမယ့်လူ ဖေးမမယ့်လူ
တစ်ယောက်မှ မရှိခဲ့ပေမယ့်
ငါ့ဆီလာရင်တော့ 
အကောင်းဆုံးလက်ဆောင်တွေ
ငါ  ပြန်ပေးမှာပါ။
ဒီဘ၀ ဒီမျှနဲ့
ရှိသမျှ ၀ဋ်ကြွေးတွေ
ကျေပါစေတော့လို့
ငါ ပြုသမျှ ကုသိုလ်တိုင်းမှာ ဆုတောင်း
မှိန်ပျပျတောင် မမြင်ရသေးတဲ့
ပန်းတိုင်ဆီကို တရွေ့ရွေ့လှမ်းနေတဲ့ငါ
ငါဟာ ..
ခဏအလည်လာတဲ့ သံသရာခရီးသည်ပါ။
                  လွမ်းဆုလေး
အချစ်ကျေးကျွန်
မာယာတွေနဲ့ 
လှည့်စားတတ်ဖို့ နေနေသာသာ
ဟန်ဆောင်ခြင်းမှာတောင် 
မကျွမ်းကျင်ခဲ့တဲ့ ငါ ..
မင်းအတွက် ဟန်ဆောင် ဖို့ဆိုတာ 
ဘယ်လိုမှ ပီပြင်မှာ မဟုတ်ဘူး ။
လိမ်ညာခြင်းကို 
သရုပ်မဆောင်တတ်ခဲ့လို့
အပြုံးစစ်ကို ပီသအောင် 
မပြသနိုင်ခဲ့တဲ့ ငါ 
မင်းအပါးမှာ ဖုံးကွယ်ထားဖို့ဆိုတာ 
ဘယ်တော့မှ မဖြစ်လာနိုင်ဘူး ။ 
အတုအယောင်တွေနဲ့ 
မင်းအနားမှာနေဖို့ 
လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ငါ 
မင်း စေနှင်ရာ နေရာသို့ 
ဘယ်လောက်ဝေးဝေး 
ငါ သွားမိမှာပါပဲ ။
ငါ့စိတ်နဲ့ငါသာ 
ငါ ပိုင်ခဲ့ပေမယ့် 
အချစ်ရဲ့ စေတမန်အောက်မှာ 
ကျေးကျွန်အဖြစ် ထမ်းရွက်ရတဲ့ငါ
မင်းအတွက်တော့ 
ထာဝရ ကျေးကျွန် ဖြစ်နေအုံးမှာပါ။ 
လွမ်းဆုလေး
မောင့်အတွက်ဆိုလျှင် ...
အချစ်ဆုံးကိုမှ 
ဝေဒနာတွေ ပေးနေမိတဲ့ 
မိုက်မဲ့တဲ့ ချစ်သူလေး တစ်ယောက်ပါ ။ 
ခံစားချက်ကို ထိန်းချုပ် 
မောင်ပျော်အောင် မထားနိုင်ခဲ့တဲ့
မေ့ရဲ့ အားနည်းချက်တွေကြောင့် 
မောင် ဘယ်မျှ စိတ်နာနေမလဲ 
ဘယ်ထိ စိတ်ဆိုးနေမလဲ ဆိုတာလဲ 
သိပါတယ် ။ 
နာကျင်တာတွေကို စု
မောင့်ဆီမှာ ရင်ဖွင့်မိတဲ့ မေ့ အတွက် 
မောင် ရဲ့ တန်ပြန် အကျိုးပြုရလာဒ်တိုင်းကို
ကျေနပ်စွာ ခံယူပါမယ်။ 
မောင်နဲ့ ပတ်သက်သမျှ 
မေ အဆုံးထိ နားလည်ပေးပါတယ်
တစ်ရံတစ်ခါမှာ 
မေ့နှလုံးသားက ဖြစ်သင့်တာထက် 
ဖြစ်ချင်တာကိုသာ ဦးစားပေးတတ်လွန်းလို့
မောင့်အတွက် စိတ်ရှုပ်စရာတွေ ဖြစ်ခဲ့ရတာပါ။ 
မည်မျှပင်နာကျင်နေပါစေ 
ဘယ်မျှ တမ်းတနေပါစေ
အဆုံးမရှိ လွမ်းဆွတ်နေရပါစေ 
မောင့် အတွက် အဆုံးထိ ပေးဆပ်ထားသူပါ။
တစ်ကြိမ်တစ်ခါ မှားတတ်တဲ့ 
မေ့ ဆန္ဒကို နားလည်ပေးဖို့ မတောင်းဆိုပါဘူး..
မောင် ပျော်မယ်ဆို 
အခန်းငယ်ထဲမှာ အမှောင်ချ 
ငိုကြွေးရင်းနဲ့ မောင့်ကို 
အားပေးနေမယ့်သူပါ မောင်ရယ်။
လွမ်းဆုလေး
သံစဉ်မဲ့ခဲ့သော ..
တစ်ချိန်က ဆိုတဲ့ စကားလုံးများ 
ငါ့နားထဲ ၀င်ရောက်ခဲ့တိုင်း
ခါးသက်သက် အလွမ်းမုန်တိုင်းတွေက 
ငါ့ရင်တစ်ခုလုံး မွှေနှောက်ပစ်တယ်။ 
အတိတ်ဆိုတာ ကြားမိတိုင်း
ဖြေမရတဲ့ နာကျင်မှုတွေနဲ့ 
အခန်းငယ်ထဲမှာ 
ငါ့ကမ္ဘာကို အမှောင်ချ
လူသူမသိ ဒဏ်ရာများကို
နာကျင်စွာ ပေါက်ကွဲမိတယ်။ 
အမှတ်တရ တွေကို မြင်လိုက်မိတိုင်း 
မမေ့နိုင်သေးတဲ့ ရင်တစ်ခြမ်းက 
အတင်းရုန်းထွက် 
သူ့နားကို ပြေးချင်နေမိတယ်။ 
လမ်းခွဲခြင်းဆိုတဲ့ 
တစ်ခန်းရပ် မေးခွန်းအောက်မှာ 
အလူးအလိမ့်ခံစားရင်း 
မျှော်လင့်ခြင်းရောင်ခြည်အောက်မှာ 
ရှိနေချင်မိတယ်။ 
ဒါပေမယ့် ချစ်သူရယ်.... 
လမ်းခွဲပြီးမှ မလွမ်းရဲလို့ 
ပြန်လာတဲ့ သူ ဆိုတာ ရှိမှ မရှိခဲ့တာ
ဖြတ်ပြီးတဲ့ကြိုး ပြန်ဆက်မယ်ဆိုတောင် 
ဆက်ထုံးတစ်ခုကြောင့် 
မကြာခင် ပြတ်ထွက်သွားနိုင်တယ်ဆိုတာ 
သိနေပေမယ့် 
တီးနေကျ သံစဉ်တစ်ခုမှာ 
ကြေးနန်းတစ်ချောင်း 
ပြတ်ထွက်သွားသလိုမျိုး 
မလှပတဲ့ သီချင်းတစ်ပုဒ်နဲ့ 
အဆုံးသတ်ရခဲ့ကြပြီပဲလေ ။
လွမ်းဆုလေး
(၀ဋ် လည် မယ် )
ငါ့ရှေ့မှာ ဒူးထောက် 
ငါ့အချစ်တွေကို တောင်းခံ 
အချစ်တွေကို ရလေမှ
sorry ပါ စကားတစ်ခွန်းနဲ့ 
စွန့်ခွာပစ်တာလား .... 
ငါ့ အချစ်တွေက
နင်လိုရင် ဆက် 
မလိုရင် ဖြတ်ပစ်ရအောင် 
ငါ့နှလုံးသားက 
အင်တာနက်လိုင်းမှ မဟုတ်ခဲ့ပဲ ... 
လာချင်ရင်လာ 
မလာချင် ပစ် 
နင် ထားရာနေ 
နင် စေရာသွားဖို့ 
ငါ့ နှလုံးသားကို လမ်းခင်း
မင်း ရက်စက်ဖို့ 
စတေးခဲ့တာမှ မဟုတ်တာ ... 
အောင်နိုင်သူ တစ်ယောက်လို မင်းပြုံး 
အမုန်းမျက်လုံးများနဲ့ 
ငါ့ ကိုလှောင်ရယ်နေမယ့် အစား 
ငါ့ မျက်ဝန်းကို သေချာကြည့် 
မင်း ဘာသာပြန် ဖတ်ကြည့်စမ်းပါ .. 
မင်း အတွက် ငါပေးနိုင်တာ 
စကားသုံးခွန်းပဲ ရှိတယ် 
တစ်နေ့မှာ ...
" ၀ဋ် လည် မယ် " .... ။
လွမ်းဆုလေး
ပေးဆပ်သူရဲ့ နှလုံးသား
မျက်ရည်တွေနဲ့ ညွှတ်ကွင်းဆင်
မင်းလျှောက်မယ့်လမ်းမှာ 
ခင်းကျင်းပြသထားပြီး 
ငါ့ တစ်ယောက်ထဲအတွက် 
မတားဆီးရက်ပါဘူး ... 
မင်းပေးအပ်ခဲ့တဲ့ 
တွယ်တာမှု ကြင်နာမှု အောက်မှာ
တစ်သက်တာ ပေးဆပ်ခြင်းတွေက
မင်းကို မနွေးထွေးစေဘူးတဲ့လား .... 
နှလုံးသားကို တည် 
သတိတွေနဲ့ စားပစ်ခဲ့တာတောင် 
ရလဒ်နဲ့ အကြွင်းက 
အချစ်နဲ့ အလွမ်းတဲ့ ။
ခွဲခွာခြင်း သီအိုရီရဲ့ 
သင်္ကေတကို 
နားလည်နေပေမယ့် 
မင်းပေးခဲ့တဲ့ အနမ်းတွေကို 
တမ်းတမိတိုင်းမှာ 
ကြေကွဲခြင်း ၀မ်းနည်းခြင်းတွေက 
အသံတိတ် မျိုသိပ်ထားဖို့ 
သတိပေး ခေါင်းလောင်းထိုးနေခဲ့တယ်။ 
မင်းဘ၀သာယာဖို့ 
အပြုံးများနဲ့ တန်ဆာဆင်ထားတဲ့ 
ငါ့ အပြုံးတွေရဲ့ နောက်ကွယ်မှာ 
တစ်စစီ ပျက်သုန်းနေတဲ့ 
ငါ့ကမ္ဘာကို မင်းသာ တွေ့ခဲ့ရင် ..... 
*************************
တကယ်တော့ ... 
ငါ ဟာ ... မင်းဖြတ်သွားခဲ့တဲ့ 
လမ်းကလေးဘေးက 
ဖျတ်ခနဲ တွေ့ခဲ့မိတဲ့ 
ပန်းကလေး တစ်ပွင့်ပါ ။ 
လွမ်းဆုလေး
ဆူးမဲ့နှင်းဆီ
နှင်းဆီပန်းဟာ 
ဆူးတွေဝန်းရံခထားတဲ့ 
မာနခပ်ကြီးကြီး ပန်းတစ်ပွင့်တဲ့။
အမှန်တော့ မဟုတ်ရပါဘူးကွယ်
မလိုတမာသူတွေ အတင်းဝင်ခူး
ရန်ပြုခြင်းကင်းအောင်လို့ 
ဆူးတံတိုင်းလေး ကာထားမိရုံပါ။
နှင်းဆီပန်းဟာ 
ရနံ့လဲမွှေး 
အလှမှာလဲ ဘုရင်တစ်ပါးမို့
တော်ရုံလူ မမှန်းရဲဘူးတဲ့။
တကယ်တော့ မဟုတ်ရပါဘူးကွယ်
ပန်းသတင်းလေညှင်းဆောင်တာမို့
လူအများ စိတ်အေးချမ်းလေအောင် 
ရနံ့သင်းလေး ပေးမိရုံပါ။
နှင်းဆီပန်း ဟာ 
ပင်ယံထက်မှာ ရဲရဲဝင့် 
မာန်စွင့်ကာ ပွင့်နေတာမို့ 
ခူးခြွေဖို့ မလှမ်းဝင့်ပါဘူးတဲ့။
လက်တွေ့မှာတော့ မဟုတ်ရပါဘူးကွယ်
ပန်းတစ်ပွင့်နဲ့ ထိုက်တန်သည့်တန်ဖိုး
တန်ကြေးနဲ့ တူညီသူက 
လှမ်း ၀င့်ပါတယ်။
နှင်းဆီပန်း ကို မချစ်တတ်သူများ 
အတင်းဝင်ခူး ဆူးလေးများ စူးမိရင် 
အပွင့်ကိုလှမ်း ညှာတံဖမ်းလို့ 
ပွင့်လွှာကို တစ်လွှာချင်းခွာ
ပန်းဘ၀ အလှပျက်အောင် 
ဖျက်ဆီးကြတယ်။ 
ကျွန်မ ဘ၀ ကျွန်မ အလှဟာ 
မာန်ဝင့်တဲ့နှင်းဆီ တစ်ပွင့်အသွင် 
ဖြစ်ခဲ့ပေမယ့် 
မောင့်ရဲ့ဘ၀ မောင့်ရဲ့ ကမ္ဘာမှာတော့ 
ကျွန်မဟာ... 
ဆူးမဲ့နှင်းဆီ တစ်ပွင့်ပါပဲ။
လွမ်းဆုလေး
ချစ်သူ သိပါစေကွယ်
ကိုယ့်ရင်မှာ မနေချင်လို့
ထွက်သွားပေမယ့်
အပြစ်မမြင်ရက်ပါဘူးချစ်သူ ...
အပြင်လောကကြီးမှာ
ချစ်သူလည်း ပျံသန်းချင်အုံးမှာပေါ့။
ကွေ့ကောက်သာယာတဲ့
လူတွေကြားမှာ
အတုအယောင်တွေကို
သတိထားပါ ချစ်သူရယ်...
ချစ်သူ စွန့်ခွာခဲ့ပေမယ့်
အပြစ်မမြင်တဲ့  ကိုယ့်ရင်ခွင်က
အပန်းဖြေနားခိုဖို့
သစ်ပင်တစ်ပင်လို
ရှိနေအုံးမှာပါ။
တစ်နေ့ ...
ချစ်သူအတွက် လိုအပ်လာတဲ့
တစ်နေ့မှာ ကိုယ့် ဆီလှမ်းခဲ့ပါ..
ကိုယ့်ရင်ခွင်က ချစ်သူအတွက်
အမြဲတံခါးဖွင့် ထားပါတယ်။
*** လမ်းပျောက်ခဲ့သော ကြယ် ***
တစ်လမ်းဝင် တစ်လမ်းထွက်
တစ်အိမ်ဝင် တစ်အိမ်ကူး
ဝမ်းစာအတွက် ရှာဖွေစားခဲ့
ရိုးသားစွာ ရှင်သန်သူ ငါ့အား
ဝိုင်းဝန်းပုတ်ခတ်
တံထွေးခွက်မှာ ပက်လက်လဲအောင်
တွန်းနစ်ခဲ့ကြတယ်။
ဘ၀အခြေနေမလှခဲ့လို့
အားငယ်စွာ ငေးမှိုင်ရင်း
ဟော ... နေမင်းကြီးတောင်
တောင်စွယ်မှာ နှုတ်ဆက်နေပြီ..
တစ်နေ့တာ တာဝန်ပြီးဆုံးခဲ့တဲ့အကြောင်း
ငါ့ကို ပြောပြနေသလိုပါပဲ။
အဖော်မပါ ငှက်ကလေးတွေ
ကောင်းကင်မှာ တစီစီနဲ့
အိပ်တန်းဝင်ဖို့ နေရာရှာရင်း
တကျွိကျွိနဲ့ ပျံသန်းနေကြပြီ
ငါသာ.....
ဘယ်ဆီကိုမြန်း ကြွရမှန်းမသိ။
တစ်ရွတ်ရွတ် ငိုကြွေးနေတဲ့ ငါ့ကို
ညတို့ရဲ့ ဘုရင် လမင်းကြီးက
ငွေချည်မျှင်တန်းနဲ့ ထွေးပွေ့လို့
ညပိုးကောင်ငယ်တွေတောင် အသံတိတ်
ငါ့အတွက် ၀မ်းနည်းနေပြီလား ?
ဖျတ်ခနဲ ပြုတ်ကျလာတဲ့ မျက်ရည်စတို့
သုတ်ပစ်နိုင်ဖို့ ငါ မအား
တအင်းအင်း ညည်းညူနေတဲ့ အသံတစ်ခု
ငါ့နားမှာ ကြားနေဆဲ
သြော် .... ခွေးကလေးရယ်
မင်းလဲ လမ်းပျောက်နေတာလား?
အိမ်ပြန်ချိန်ရှိခဲ့ပေမယ့်
ပြန်စရာအိမ်မရှိခဲ့တဲ့
ငါတို့နှစ်ယောက်အတွက်
ကြေကွဲခြင်းတွေတောင်
အလွမ်းတွေ မပေးရက်တော့ဘူး။
အတိတ်ဘ၀ရဲ့ မကောင်းမှုများ
ငါတို့အလှည့်မှ များခဲ့သလားကွယ်..
လမ်းပြကြယ်ဖြစ်တဲ့ ဓူဝံကြယ်တောင်
ငါတို့ လှမ်းအကြည့်မှာ
တိမ်တွေကြား ပြေးပုန်းနေခဲ့ .... ။
လွမ်းဆုလေး
ခင်
ခင် ...
ခင့်ဘ၀ရှေ့ရေး
စိတ်အေးရဖို့
မတွေးတော့ဘူးလားကွယ်။
ခင့်ဘ၀ အနာဂတ်
လက်တွဲဖို့အတွက်
အဖော်ကောင်းများ
မရှာတော့ဘူးလားကွယ်။
ခင့်ဘ၀ နောင်ရေး
ဒီတိုင်းနေဖို့
ဆုံးဖြတ်ထားလေသလားကွယ်။
တစ်ယောက်ထဲနေရာ
ကြင်နာသူလိုခဲ့ရင်ဖြင့်
ဒီလူကို သတိရ
အနားမှာ အမြဲ
ရှိနေလျှက်ပါကွယ်။
မောင့်ရဲ့ဘ၀ သာယာမယ်ဆိုရင် ..
မေ့ရင်ကိုခွဲ 
မေ့ နှလုံးကိုယူ 
မေ့ အသဲကိုစားမှ 
မောင့် ဘ၀လိုအင်
ပြီးပြည့်စုံမယ်ဆိုလျှင် ... 
ဖြူစင်လှပ 
မေ့နှလုံးသားကို 
မောင့်သဘောကျသလို 
ယူနိုင်ပါသည်။ 
မောင့်ကို ချစ်တဲ့ 
ဒီအချစ်မှာ 
မာယာဟင်းခါး 
မုသားဆားနဲ့ 
ဟန်ဆောင်ခြင်း မာဆလာတို့ 
မပါခဲ့ပါဘူး။
နှလုံးသားအစစ်
ရင်ခွင်သစ်နဲ့
မောင့်ဆီကိုလှမ်း 
လက်ကမ်းခဲ့သူပါ။
ကြေကွဲခြင်း မီးတောက်တို့
တမြေ့မြေ့လောင်ကျွမ်းနေလဲ
အပြုံးမျက်နှာ 
မပျက်စေရပါဘူး 
သာယာမယ်ဆိုရင် ......။
လွမ်းဆုလေး 
ကြိုးစားပါအုံးမည်။
* ရင်ကွဲမှတ်တမ်း *
လွမ်းဆုလေး -
သူမကြင် တမင်စိမ်း
စိမ်းရက်လေသလား
သူမခင် တမင်တိမ်း
ယိမ်းရက်လေသလား ကွယ်။
သရက်သီး -
စာနာမှုမထား မေ့နိုင်အား
မုန်းနိုင်အား
ရက်စက်လသလား ခင်။
လွမ်းဆုလေး-
သူမကြင် တမင်တကာစိမ်း
ဘယ်အညိုးနဲ့ အမုန်းဖွဲ့လေတယ်။
တွယ်တာရသူ မေ့ရင်က
နားခိုရာ သစ်တစ်ပင်မို့
မကြင်သူ ရှောင်ဖယ်တိမ်း
စိမ်းရက်လေအုံးတော့ ...
မရွှင်နှလုံး အသာဖုံးလို့
ပြုံးနေပါ့မယ် ကွယ်။
သရက်သီး -
အပြစ်မမြင် ချစ်ခင်ကာစ
သံသယပွားကာ သူပစ်ခွာ
အသစ်ရှာချင်ပြီး
ဒီမောင်မှာရတက်ပွေ
သောကတွေဝေဖို့
မျက်ရည်များစွာ ကြွေခဲ့ပြီ။
လွမ်းဆုလေး -
ထိုထိုမျက်ရည် ပင်လယ်ပြင်မက
ကျယ်ပြောလှ ဝေဒနာများစွာ
မောင်မမြင် တမင်စိမ်း
ပြောရက်လေသလား ကွယ်။
သရက်သီး -
အလွမ်းစာစီ သ၀ဏ်လွှာပါး
မေ့အနားသို့ အယူခံဝင်
ကဗျာတစ်ပုဒ် အသည်းဆုပ်လို့
ဆက်သလေပြီ ကျေနပ်ပေါ့ သခင်။
လွမ်းဆုလေး -
ဘုရင်မတစ်ပါး နန်းစံစားဖို့
နှလုံးသားကိုစတေး
အသဲကိုခွဲကာ ဆက်သသော်လည်း
လိုချင်ခဲ့တာ မောင်တစ်ယောက်ထဲမို့
မည်သို့ ပြုရပါမည်နည်း။
သရက်သီး - လွမ်းဆုလေး
(ကဗျာ မောင်နှမ သရက်သီးနှင့် လွမ်းဆုလေးတို့ ရေးစပ်ထားသော ဒီကဗျာလေးအား သူငယ်ချင်းများ မျှဝေခံစားဖို့ တင်ပြပေးလိုက်ရပါသည်။ လွမ်းဆုလေး၏ * ရင်ကွဲမှတ်တမ်း * တစ်ပုဒ်အား ကူညီရေးသား ထုဆစ်ပေးခဲ့သော ကိုသရက်သီးကို ကျေးဇူးအထူး တင်ရှိပါသည်။
နေရာဟောင်းမှာ
မင်းနားမှာ
နေ့စဉ် သ၀န်နေတတ်တဲ့ ငါ
ရှိနေတာထက်စာရင်
မင်းတစ်ယောက်ထဲ ရှိနေတာက
ပိုပြီး အေးချမ်းပါတယ်။
မင်းနားမှာ
အမြဲ စိတ်မချမှုတွေနဲ့
ပြောနေမှာကို
နားထောင်နေတာထက်စာရင်
မင်းအတွက် နှစ်သိမ့်ပေးမယ့်လူက
ပိုပြီးကောင်းပါတယ်။
မင်းနားမှာ
အလွမ်းသွေးတွေကြောင့်
ခပ်ဆွေးဆွေး ညည်းတွားနေတဲ့
ငိုရှိုက်ကို ကြားနေရတာထက်စာရင်
မင်းကို ပျော်ရွှင်စွာထားမယ့်လူက
ပိုသင့်တော်ပါတယ်။
မင်းအပါးမှာ
အားငယ်နေတဲ့ ငါ့ကို
အစဉ်အားပေးနေမှာထက်စာရင်
မင်းကို အားပေးနိုင်တဲ့လူက
ပိုပြီး ကောင်းပါတယ်။
ဒဏ်ရာပရပွနဲ့
အလဲလဲ အကွဲကွဲ ဖြစ်နေတဲ့ ငါ့ဘ၀ကို
သနားနေမှာထက်စာရင်
ကိုယ့်အတွက် ပန်းခင်းထားတဲ့လမ်းက
ပိုပြီး သာယာပါတယ်။
မင်းပျော်ဖို့အတွက်
ဘာမဆို လုပ်ပေးနိုင်တဲ့ငါ
ငါ့ရင်ခွင်က
မင်းကို ခွဲထုတ်ရလည်း
ဒီဒဏ်ရာတွေက ပိုမနက်တော့ပါဘူး။
နာကျင်နေဆဲ ငါ့နှလုံးသားက
မင်း အနှောင့်ယှက်ဖြစ်အောင်
ငိုပြမှာမဟုတ်တော့ပါဘူး။
မင်း မရှိတဲ့ ဒီခုံတန်းတစ်ဖက်မှာ
တစ်ချိန်က မင်းရှိခဲ့ဖူးတဲ့
အငွေ့သက်တို့နဲ့
ငါ တစ်ယောက်ထဲ လွမ်း
ငါတစ်ယောက်ထဲ ရှိနေအုံးမှာပါ။
လွမ်းဆုလေး
အချစ်ဝိုင်
လူတစ်ယောက်အားပေး
ငါ့ချစ်ခြင်းတို့
ရစ်မူးတွယ်တာ
မေ့မရခဲ့သော
ငါ၏ချစ်ခြင်း
ကြင်နာခြင်းတို့
သူ့ပေါ်တိမ်းညွှတ်
ယစ်မူးစေသည်
သောက်နေမိသော
ဝိုင်တစ်ခွက်လို.. ။
လွမ်းဆုလေး
ကျွန်မ မင်းသမီး
ကံဇာတ်ဆရာရဲ့ 
ဇာတ်ညွှန်းတိုင်းမှာ
ခေါင်းဆောင်ရော ရှေ့ထွက်ပါ
တာဝန်ယူ ကပြခဲ့တဲ့ ကျွန်မ။
ကြေကွဲမှုတွေသာ
ထွေးပွေ့ထားတဲ့  ကျွန်မ အတွက်
ပွဲကြည့်လာ ရေစက် က
ပေးဆပ်ခြင်းကို နားလည်ဖို့
သူ နဲ့  ရင်းနှီးခွင့်ပေးတယ်။
အတိတ်မှာမရခဲ့ဖူးသော
ကြည်နူးခြင်း ပျော်ရွှင်ခြင်းနဲ့
အေးချမ်းမှုတွေကို
ပြသပေးခဲ့တဲ့  သူ ... ။
သူ့အပေါ် ညွှတ်တိမ်း
သံယောဇဉ်တွေ နက်ရှိုင်းလေမှ
ကံဇာတ်ဆရာက
တစ်ခန်းပြောင်း
မုန်တိုင်းကျရမည်တဲ့ ။
နာကျင်ခြင်းရော
ခံစားခြင်းပါ ရောထွေးထားတဲ့
လောကဓံ စင်ပေါ်မှာ
သင်္ခါရမီးမောင်းတွေ ထိုးပြရင်း
ကျွန်မရင်ကိုခွဲ အသဲကိုယူဖို့
အားခဲနေကြလေရဲ့။
ဝေဒနာရဲ့ ခါးသီးမှု အဆုံးမှာ
အထီးကျန်ခြင်းကို အဖော်အဖြစ် ပေးအပ်
တရွေ့ရွေ့ ထွက်ခွာသွားတဲ့
သူ့ကျောပြင်ကို  ငေးကြည့်ရင်း
အလွမ်းမင်းသမီးအဖြစ်
ဆက်လက် ကပြရအုံးမယ့် ကျွန်မ။
အနှိုင်းမဲ့ နာကျင်နေပေမယ့်
ဇာတ်ဆရာအလိုကျ
ကပြရမယ့် ကျွန်မ ဟာ ...
ဒီဇာတ်ရဲ့ ပင်တိုင်စံ မင်းသမီး ..
သြော်.....
ပင်တိုင်စံ မင်းသမီးပါလေ။
အမေ
မြင်ကြည့်စမ်းပါ
သူငယ်ချင်းတို့
တို့ငယ်စဉ်အချိန်
ပျိုမျစ်မှုနဲ့
အားသွန်ခွန်စိုက်
ကိုယ့်အားကိုယ်ကိုး
သားသမီးအတွက်
နေပူမရှောင်
မိုးရွာမမှု
လောကဓံကို အန်တုပြီး
တို့အတွက်
ရှာဖွေကျွေးမွေး
အမေ့ကျေးဇူးတွေ...
သားသမီးလိုချင်တာ
ရအောင်ပေးနိုင်ဖို့
ဆာနေသော်လဲ မဆာသေးပါဘူး
လိုအပ်သော်လဲ မလိုသေးပါဘူး
ပင်ပန်းနေလဲ မမောသေးပါဘူးလို့
မေတ္တာတရားနဲ့ ဖုံးကွယ်
ပင်ပန်းသမျှကို မျိုချခဲ့တယ်...
အချိန်တန်အရွယ်ရောက်လို့
ကိုယ့်လမ်းကိုယ်လျှောက်
တစ်နေရာစီ ခွဲထွက်သွားတော့
အသိုက်မြုံဟောင်းမှာ
တစ်ကိုယ်ထဲရပ် ကျန်ခဲ့ရှာတဲ့ အမေ ...
အသက်အရွယ် ကြီးရင့်လာတော့
သားသမီးအကူညီ
လိုနေသော်လည်း
အကူညီမတောင်း
အိမ်အိုဟောင်းလေးမှာ
ငတ်တလှည့် ပြတ်တလှည့်နဲ့
မ၀၀မ်းစာ စားရရှာတဲ့
ထို အဖွားအိုဟာ
သင် လူဖြစ်အောင်
ကျွေးမွေးခဲ့မှန်း
ကျေးဇူးသိရင်
တဖန်ပြန်လှည့် ပြုစုပါ..
အပေးသာရှိ အလာမကြည့်တဲ့
အမေအိုတစ်ယောက်အတွက်
နောက်ဆုံးခရီးမှာ
အေးချမ်းစေဖို့
သားသမီးဝတ်လေး
သိတတ်ကြပါစေ
သူငယ်ချင်းတို့ရေ...။
လွမ်းဆုလေး
ဆရာ့မေတ္တာ
ပညာကို စုံအောင်သင် 
မှားတာကို မှန်အောင်ရေး 
ဝလုံးလေးဝိုင်းအောင် 
 လေ့ကျင့်ပေးခဲ့ .. 
ငယ်စဉ်ကအမှား 
 ကြီးသည်ထိ မဖြစ်ရလေအောင် 
 မေတ္တာတုတ်ချက် 
 ကျောပေါ်တင်လို့ 
 ချော့တလှည့် ခြောက်တစ်ခါ 
လမ်းပေါ်ကို တင်ပေးခဲ့သူ... 
ဘယ်မျှပင်ဆိုးသွမ်းစေအုံး 
ခွဲခြားမဖယ် 
ရင်ဝယ်သားကဲ့သို့ 
သွန်သင်ဆုံးမ 
လမ်းမှန်ရောက်အောင် 
 ပြုပြင်ပေးခဲ့သူ .... 
သူ ..ဟာ 
ဆရာတစ်ယောက် 
ဒုတိယ လက်ဦး 
ဆရာတစ်ယောက်ပါ။
လွမ်းဆုလေး
သူနဲ့ ကျွန်မ
သူက အတ္တနဲ့
ကျွန်မဆီ လာတယ်..
ကျွန်မက မာနနဲ့ ဆီးကြိုတယ်။
သူက နာကျင်မှုနဲ့
ကျွန်မဆီလာတယ်..
ကျွန်မက နာကျည်းမှုတွေနဲ့ ဆီးကြိုတယ်။
သူက ဝေဒနာတွေ တစ်ပွေ့တစ်ပိုက်နဲ့
ကျွန်မဆီလာတယ်...
ကျွန်မက လွမ်းဆွေးခြင်းတွေနဲ့ တွန်းထုတ်ခဲ့တယ်။
သူနဲ့ကျွန်မ
အချစ်ကို ရင်တွင်းတစ်နေရာမှာထားပြီး
မာနတိုက်ပွဲ ကျင်းပနေသမျှ
ကျွဲနှစ်ကောင်ခတ်ရာ မြေဇာပင်ဖြစ်ရသူက
နှလုံးသားလေးတွေ ...
မာန် အငြိုးတွေ မကျေသေးသမျှ
နှလုံးသား အခန်းကျဉ်းမှာ
သေဆုံးနေရအုံးမယ့် အချစ်တွေပါ
ချစ်သူရယ်... ။
လွမ်းဆုလေး
နားခိုခွင့်
ဒီပွဲကို စထွက်ထဲက
ကျွန်မ ရှုံးမယ်မှန်း သိပါတယ်
မောင်ရယ်...
အရှုံးဆိုတာ သိသိကြီးနဲ့
မောင့်နားမှာ ခဏဖြစ်ဖြစ်
နေခွင့်ရဖို့ ကျွန်မ ရွေးချယ်ခဲ့တာပါ...
မောင့်ဆီက ရောင်ပြန်ဟပ်မယ့်
အချစ်ကိုရမှ
ကျွန်မ အချစ်တွေက
ရသမြောက်မှာမဟုတ်ပါဘူး..
မောင့်ကို စချစ်ထဲက
ကျွန်မအချစ်တွေဟာ
ဘာမှမလိုတော့အောင်
ပြီးပြည့်စုံခဲ့ပြီးသားပါ။
မောင့် ဘက်က
ဘယ်လိုတုန့်ပြန်ပါစေ
ကျွန်မပိုင်တဲ့
ကျွန်မနှလုံးသားကတော့
မနက်ဖြန်တိုင်းမှာ
မောင့်နားနေခွင့်ရဖို့
မျှော်လင့်နေအုံးမှာပါ။
လွမ်းဆုလေး
နောက်ဆုံးတင်ခဲ့တော့ပို့စ်များ
Template information
Random post
bg
Get the Flash Player to see this player. Shoutcast & Icecast Server
Popular Posts
မန်ဘာဝင်ရန်