ဖွင့်မကြည့်လိုက်ပါနဲ့။


ငါ ရိုးသားခဲ့ပါတယ်
ဖြူစင်ခဲ့ပါတယ်
ပွင့်လင်းခဲ့ပါတယ် ..

မင်းအပေါ်မှာ အပြစ်ဆိုလို့
မြူတစ်မှုန်မျှ ငါ မတင်ခဲ့သလိုပဲ
ငါ ချစ်မ၀ခဲ့ပါဘူး ချစ်သူရယ် ...

ဟန်ဆောင်ခြင်းကို သိပ်မုန်းတတ်တဲ့
ငါ့ ပင်ကိုယ်စရိုက်တွေက အဲတာတွေကို
မနှစ်မြို့ခဲ့ဘူး ။

ငါ..... မုန်းတဲ့ မာယာ မုသား
ဟန်ဆောင်ခြင်းနဲ့ ကစားတတ်တာမှန်သမျှ
ငါ ရွံရှာခဲ့ပေမယ့် ..
မင်းကို သိပ်ချစ်လွန်းလို့
ငါ သုံးရတော့မယ်ထင်တယ် ...

ငါ ပြုံးနေတာကိုမှ အမြဲတွေ့ချင်တဲ့
မင်းအတွက် ငါ .....
အပြုံးတွေနဲ့ ဖုံးကွယ်ထားရတော့မယ် ။

ဒီအပြုံးတွေကိုတော့ ဖွင့်မကြည့်လိုက်ပါနဲ့
မင်းအတွက် အကောင်းဆုံးဖြစ်ချင်ခဲ့လို့
ငါ အမုန်းဆုံး ဟန်ဆောင်ခြင်းတွေ
မာယာမုသားတွေ ငါ သုံးထားရလို့ပါ ..

ကျေးဇူးပြုပြီး ဖွင့်မကြည့်လိုက်ပါနဲ့။

လွမ်းဆုလေး
 

နှစ်သိမ့်ဆု

ငါ့နှလုံးသား တစ်ခုလုံးကို
အရင်းက စ နုတ်ပစ်လိုက်တဲ့
မင်းရဲ့ မျက်ဝန်းညိုညို ။

ငါ့နှလုံးသားကို အရည်ပျော်အောင်
ခြေချလိုက်တဲ့ မင်းရဲ့ အပြစ်မဲ့တဲ့ အပြုံးများ...

ငါ့ရဲ့ အဖြူရောင်နှလုံးသားကို
အချစ်တွေသင်ပေးလိုက်တဲ့ မင်းရဲ့ အကြင်နာ ..

ငါ တကယ်ချစ်တတ်ခဲ့မှ
sorry ပါ မရည်ရွယ်ပါဘူးဆိုပြီး
ငြင်းပယ်ခဲ့တဲ့ မင်းရဲ့ စကားလုံးတွေ ။

ငါ ကြားနေဆဲပါ ..

ငါ အထီးကျန်ဆန်စွာ နေရစ်ခဲ့ရအောင်
ထားရစ်ရက်ခဲ့တဲ့ မင်းရဲ့ မုသားအချစ်တွေကို
ယုံစားခဲ့မိတဲ့ ငါ့မှာ ..
ရူးသွပ်သွားသူ တစ်ယောက်လို ...

နှလုံးသားဗလာ နဲ့ အချစ်တောင်းခံ
အမုန်းစကား တစ်ရာနဲ့ လမ်းခွဲပြန်တဲ့
ငါ့နှလုံးသားရဲ့ ချစ်ဘုရင်ရေ ..

မင်း ပေးအပ် လိုက်တဲ့ အမုန်းတရားတစ်ခုက
အရှုံးသမားဖြစ်သူ ငါ့အတွက်တော့
နှစ်သိမ့်ဆု တစ်ခုပါပဲ ... 

 

အဝေးရောက်ချစ်သူ

ချစ်သူရေ....

လွမ်းသည်အော်လဲ နင်မကြားနိုင်
ဆွေးသည်ဆိုလဲ နင်မသိနိုင်
ချစ်သည်ဆိုလဲ နင် မတွေ့နိုင်ဘူးနော် ...

မင်းမမြင်တဲ့ ဒီနေရာမှာ
ငါ အကြိမ်ကြိမ်လဲကျ
တစ်လောကလုံး အရှုံးပေးချင်ရလောက်အောင်
ငါ .....
အရှုံးသမားဖြစ်ခဲ့သူပါ။

ငါ့ မျက်ရည် မြေခစေရ
ငိုတာက ရှုံးတာပဲ
ပြုံးစမ်းပါလို့ အခါခါ ပြောနေတဲ့
နင့် စကားလုံးတွေက
ငါ့အတွက်တော့ အားဆေးတစ်ခွက်ပါပဲ။

အားမတန်လို့ ငါလဲကျလေတိုင်း
မင်းကမ်းလှမ်းထားတဲ့ လက်တစ်ဖက်ကို လှမ်းဆွဲရင်း
ငါ ပြန်ထနိုင်ဖို့ အမြဲကြိုးစားနေမယ်
ချစ်သူရယ် ...

လွမ်းဆုလေး

(အဝေးရောက်ချစ်သူအတွက် အမှတ်တရ)


ရှင်သန်နေချင်တယ် ...





ချစ်စ ခင်စ မြတ်နိုးစမှာတော့
အရာရာဟာ အသစ်တွေပါပဲ။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
တစ်ယောက်လက်ကို တစ်ယောက်ကိုင်ရင်း
အတူကြည်နူးနေကြတယ်။

တစ်ယောက်အကြောင်း တစ်ယောက်ကိုပြော
အသိချင်းဖလှယ် အိပ်မက်တွေပြောရင်း
ရယ်မောပျော်ရွှင်ကြတယ်။

တစ်နေ့တာက သူတို့အတွက် မလုံလောက်သလိုပါပဲ
စကားလေးတွေ တွတ်တီပြောရင်း
တစ်ရက်ဆိုတာ ကုန်ဆုံးခဲ့တယ်။

ပျော်ရွှင်ခြင်းတွေ တိတ်ဆိတ်သွားတဲ့ချစ်သူတွေကတော့
တဟုန်းဟုန်းတောက်လောင်ပြီး ငြိမ်းသွားတဲ့
ကောက်ရိုးမီးလိုပဲ...

ခဏတာပျော်ရွှင်ခဲ့သမျှ မကြာခင်
အက်ကြောင်းတွေ ထင်ခဲ့တတ်တယ်။

ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ပါစေ
တို့နှစ်ယောက်အချစ်က
အမြဲသစ်လွင်ရင်း အစဉ်ရှင်သန်နေချင်တယ် ...

လွမ်းဆုလေး

မင်းကို ချစ်ဆဲ လွမ်းနေဆဲပါဟာ

ချစ်သူရယ် ...
ငါ့ရင်ထဲက အချစ်တွေကို
နင် နားလည်အောင် ငါ မပြောပြတတ်ပါဘူး
နင်မြင်အောင်လဲ ငါ ဖွင့်မပြတတ်ခဲ့ဘူး
နင် တွေ့အောင်လဲ ငါ ထုတ်မဖော်ခဲ့တတ်ဘူး..

အခြေအနေများစွာကြောင့်
နင် ရှိရာမရောက်နိုင်ခဲ့ပေမယ့်
ငါ့ နှလုံးသားအစဉ်က နင့်အနားမှာပါ။

အမည်ခံချစ်သူတောင် ဖြစ်ခွင့်မရခဲ့သလို
တကယ် ချစ်သူဖြစ်ဖို့လဲ ငါ မမျှော်လင့်ပါဘူး
ငါနားလည်တဲ့ အချစ်ဆိုတာ
ချစ်နေရရင်ပဲ ကျေနပ်နေတယ်ဆိုတာမျိုးပါ။

နင် ငါ့ကို မချစ်မှန်းသိပေမယ့်
မိုက်မဲလေတယ်လို့ သတ်မှတ်ချင်သတ်မှတ်လိုက်ပါ ...

ငါ့နှလုံးသား အမိုက်သမားလေးကတော့
မင်းကို ချစ်ဆဲ လွမ်းနေဆဲပါဟာ ...

လွမ်းဆုလေး 
 
 

အချစ်များစွာထဲက တစ်စိတ်တစ်ဒေသပါ

မောင် ....
ချစ်သူတွေရဲ့ ပျော်ရွှင်ခြင်းဆိုတာ
ချစ်သူတွေကြားက နားလည်မှုပါ ..

ချစ်သူအချင်းချင်းသာ နားလည်ဖတ်တတ်ကြတဲ့
ကြားခံ ဖလှယ်ရေးတစ်ခုပါ မောင် ...

ဥယာဉ်မှူးတွေက သူပျိုးတဲ့ပန်းပင်တွေကြား
ရှုမ၀ နမ်းမ၀ဖြင့် မထိရက် မကိုင်ရက်နဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း
သွားလာမြူးထူး ပျော်ရွှင်နေသလိုမျိုး
ချစ်သူတွေဆိုတာလဲ နှစ်ယောက်ထဲနဲ့
တစ်ကမ္ဘာဖြစ်အောင် တည်နေကြသူတွေပါ။

ပြင်ပလောကကြီးနဲ့ဖြတ်ပြီး
ချစ်အိမ်လေးထဲမှာ နှစ်ယောက်အတူ
သီးခြားကမ္ဘာတစ်ခု တည်ဆောက်ထားခဲ့ခြင်းက
နက်ရှိုင်းတဲ့ ချစ်ခြင်းသင်္ကေတတွေပါမောင် ..

ငိုခြင်းရယ်ခြင်း ပြုံးခြင်းတွေ
မောင့်ကို ချစ်တတ်တာ အလိုလိုက်တာ
ဆိုးနွဲ့တာ အနွံတာခံတာ
ခွင့်လွှတ်တတ်တာတွေက
မောင့်ကို ချစ်တဲ့ အချစ်များစွာထဲက
တစ်စိတ်တစ်ဒေသပါ မောင် ...

လွမ်းဆုလေး
 
 
 

ဘ၀ခရီး

ချစ်သူ
ဘ၀ခရီး လျှောက်လှမ်းမယ်ဆိုရင်
အရာရာမှာမျှဝေခံစား
အကြိုက်ချင်းလဲတူ စိတ်ချင်းလဲတူ
သဘောထားချင်းလဲတူနေမှဖြစ်မယ်။

ပန်းတိုင်မတူခဲ့ရင်
လျှောက်ရမယ့်လမ်းချင်းက မတူညီကြလို့
ဘ၀ခရီးအတူလျှောက်ဖို့ဆိုတာ ခက်လိမ့်မယ်။

သူက အမည်း ကိုယ်ကအဖြူ
ဖြစ်နေခဲ့လို့ ပြန်လည်ညှိနိုင်းခြင်းမရှိခဲ့ရင်
အဲဒီအချစ်က ကွဲကွာခြင်းနဲ့ ဆုံးရလိမ့်မယ်။

ဘာသာတရားချင်း အယူဝါဒ ခံယူချက်ချင်း
ဦးတည်ချက်ခြင်းတွေ
တူညီမှသာ ဘ၀မှာ
ရေရှည်လက်တွဲနိုင်မယ်...

ဒါကြောင့်ချစ်သူရေ.....
မတူတာကို တူအောင်ညှိ
တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်ပြီး
တစ်ယောက်အမှား တစ်ယောက်တားရင်းနဲ့
တစ်ယောက်တင်းရင် တစ်ယောက်လျှော့လို့
တို့နှလုံးသားချင်း ဖလှယ်ကြမယ်နော် ...

လွမ်းဆုလေး

လွမ်းရမှာလဲ ကြောက်လို့ပါ

ငါ့ရင်ကိုခွဲ
ငါ့အသဲကိုယူ
ငါ့နှလုံးသားကိုနင်းခြေပစ်ရမှ
မင်းဘ၀ဆန္ဒ
ပြည့်စုံခြင်းကိုရမယ်ဆိုရင် ...

ကြင်နာနွေးထွေး
ငါ့ ရင်ခွင်လေးကို
နင် သဘောကျသလို ခွဲနိုင်ပါသည်။

သို့သော် ..

ရင်ခွဲမည့်နေရာ
အမုန်းဝတ်ရုံ ခြုံမလာပါနဲ့
အငြိုးကုတင် ဆင်ယင်မထားပါနဲ့
မာယာ ပလိတ်ဓား ယူမလာပါနဲ့
ခွဲနာဒဏ်ပျောက် မုသားဆေးလဲ မသုံးခဲ့ပါနဲ့
သူစိမ်းမီးအောက် မနေစေပါနဲ့ ...

ရင်ခွဲသည့် ဒဏ်ကနာ
လွမ်းရမှာလဲ ကြောက်လို့ပါ။

လွမ်းဆုလေး 


ဤမျှ ချစ်ခဲ့ပါသည်

သူ .....
လက်တွဲခေါ်ရာနောက်သို့
နောင်တမဲ့စွာ လိုက်လာခဲ့ပြီးမှ

သူ.....
ထားရစ်ရာနေရာတွင်
အပူပင်မဲ့စွာ ရပ်နေခဲ့သည်။

ကျွန်မ သူ့အား
ဤမျှ ချစ်ခဲ့ပါသည်။

လွမ်းဆုလေး


ဒီပွဲမှာ တကယ်နိုင်ခဲ့သူက ငါပါ

မနေချင်လို့ ငါ့ရင်ခွင်က ထွက်သွားသူကို
ပြန်လာပါ လို့ အကြိမ်ကြိမ်အော်နေရလောက်အောင်
ငါ မမိုက်မဲသေးဘူး..

အကြောင်းပြချက်များစွာနဲ့
ခွင့်လွှတ်ပါ တောင်းပန်ပါတယ်ဆိုတာနဲ့
ကျေနပ်ရလောက်အောင် ငါ့ အချစ်တွေက
အပေါစားမဆန်သေးဘူး ...

အခြေအနေအရ ကျောခိုင်းရတာပါဆိုတဲ့
စကားလုံးတွေနဲ့ နားလည်ပေးပါဆိုရလောက်အောင်
အစထဲက ဆုံးခန်းမတိုင်မှန်းသိရင်
ဘာလို့ ငါ့ကို လာကစားခဲ့သေးတာလဲ ...

ငါ အပြစ်မတင်ပါဘူး ငါ မမုန်းပါဘူး
နင် မချစ်လို့ ငါ့နားက ထွက်သွားတာပဲ
ငါ ကြည်ဖြူရမှာပေါ့ ...

ဒါပေမယ့်
ငါ့အသဲခွဲနိုင်လိုက်လို့
နင်နိုင်တယ်လို့ မတွေးလိုက်ပါနဲ့
ဒီပွဲမှာ တကယ်နိုင်ခဲ့သူက ငါပါ

ငါ နိုင်ခဲ့တာပါ .....

လွမ်းဆုလေး
 
 

အချစ်အတွက်

ချစ်သူ ...
လူတစ်ယောက်က ချစ်တတ်လာပြီ ဆိုတာနဲ့
အရာရာက ပြောင်းလဲတတ်လာတယ်။

နေရောင်ခြည်နွေးနွေးလေးကြောင့်
ပန်းတွေ ဖူးပွင့်ကြသလိုမျိုး ..

နွေဦးအခါ ဥသြငှက်တို့
တေးသီကြသလိုမျိုးပေါ့ ...

အချစ်ဆိုတဲ့အရာကြောင့်
မပြင်မဆင်နေခဲ့တဲ့အဖြစ်ကနေ
လှလှပပ ပြင်ဆင်တတ်လာတယ်
နုနုငယ်ငယ်ပိုလှအောင် ပြင်ဆင်ချင်လာတယ်။

ဘာတွေပဲ လုပ်နေပါစေ
သူ နှစ်သက်ပါ့မလားဆိုတဲ့ အတွေးတွေ
သူ မြတ်နိုးတဲ့သဏ္ဍာန် သူမြတ်နိုးတဲ့ပုံတွေနဲ့
သူ ကြိုက်နှစ်သက်ရာကို ရွေးချယ်တတ်လာတယ်။

အချစ်ကို တွေ့ရှိပြီးတဲ့သူတိုင်း
စိတ်ကူးမှုအရာရာ တိုင်းဟာ
အချစ်အတွက် ဖြစ်လာခဲ့တယ်။

လွမ်းဆုလေး


နားလည်စေချင်တယ်

ချစ်သူ ..
မိန်းကလေးဆိုတာ
သဘာဝတရားအရ
အားနွဲ့ပါတယ်
အားငယ်တတ်ပါတယ်
အားကိုးချင်ကြပါတယ်
မှီခိုချင်ကြတယ်
ယုယခံချင်ကြတယ်။

ကိုယ့်ဘ၀အတွက်
အချစ်တစ်ခုထဲနဲ့ ဘ၀လက်တွဲဖော်ကို
ရွေးချယ်လို့မရသလိုမျိုး
ဦးနှောက်တစ်ခုထဲနဲ့လဲ ရွေးချယ်လို့မရနိုင်ခဲ့ဘူး။

နှလုံးသားနဲ့ဦးနှောက် ထပ်တူကျမှ
ရွေးချယ်လို့ဖြစ်နိုင်ပါတယ်။
ချစ်တိုင်းလဲ မညား ညားတိုင်းလဲ မချစ်ဆိုတဲ့ စကားလုံးအတိုင်း
ချစ်ရက်နဲ့ ဝေးကြရတဲ့အဖြစ်တွေအတွက်
နားလည်စေချင်တယ် ချစ်သူရယ် ။


နင်းခြေပစ်ရက်တယ်

ဖူးပွင့်စ ငါ့အချစ်ပန်းတို့
ဝတ်ရည်ကို စုတ်ယူ
လိုအပ်သလိုသုံး အရသာကုန်တော့
နောက်တစ်ပင်ကူးလူးတတ်တဲ့
မင်းအကျင့်တွေက ငါ့ရင်မှာ 
ဒဏ်ရာအထပ်ထပ်ဖြစ်စေခဲ့တယ်။

ချစ်လို့ အလိုလိုက် မြတ်နိုးလို့နားလည်
သနားလို့ ခွင့်လွှတ်ပေးတတ်တာသိလို့
ငါ့အားနည်းချက် အညှာတွေကို
နင် ကိုင်တွယ်ပြီးတော့
ငါ့ရင်ကို အရှင်လတ်လတ် နင်ခွဲရက်တယ်။

ငါက နင် ကစားတဲ့ အရုပ်လေးလောက်တောင်
တန်ဖိုးမရှိတော့ဘူးတဲ့လား ...
ငါက နင် လိုအပ်ချိန်လာ နင် မလိုရင်ထားခဲ့ရလောက်အောင်
ငါ့နှလုံးသားက ဇရပ်ဖြစ်နေလို့လား ။

နင် သိပ်ကို နာကျည်းဖို့ကောင်းတယ်
နင် သိပ်ရွံဖို့ကောင်းတယ်
နင် ငါ့အချစ်တွေနဲ့ မထိုက်တန်ဘူး
နင်ငါ့အမုန်းတွေနဲ့လဲ မထိုက်တန်ဘူး

ငါ့ရင်ကို ခြေစုံကန်ခဲ့ပြီးမှ
ငါ့နှလုံးသားကို ပြန်လာသိမ်းချည်ရလောက်အောင်
ငါက နင်ဝယ်ထားတဲ့ ဘိုမရုပ်လေး မဟုတ်ဘူး..

ငါက လူသားစစ်စစ်တစ်ယောက်ပါ
ငါ နာကျင်တတ်တယ် မုန်းတီးတတ်တယ်
ငါ နင့်ကို အရမ်းမုန်းတယ် သိလား
အချစ်ကြီးချစ်ခဲ့သမျှ အမုန်းကြီးမုန်းမိတယ်။

နင်မို့ ငါ့အချစ်တွေကို မြေပေါ်ခင်း
နင်းခြေပစ်ရက်တယ် ဟာ ... ။

လွမ်းဆုလေး 
 
 

လွမ်းခရီးတော့ မဆက်ပါရစေနဲ့

ချစ်သူရယ် ...
တို့တွေ ဝေးကြတဲ့အခါ
နှလုံးသားချင်း နီးနေပါတဲ့
ချစ်သူတိုင်း ပြောကြတဲ့ စကားတွေလေ ။

အနေဝေးတဲ့ ချစ်သူတိုင်း
ဝေးကြတဲ့အချစ် စွဲရစ်နေလို့
တာရှည်ခံဖို့ ဖြစ်နိုင်ပါ့မလားကွယ် ။

စိတ်ကူးယဉ် အချစ်တစ်ခုဆိုတာ
ကြာရင် မှုန်ဝါးသွားမယ့်
ပြဒါးသုတ် မှန်တစ်ချပ်လိုပဲတဲ့။

အနေဝေးသွားတဲ့ အချိန်တွေက
အချစ်ကို ပျက်ပြယ်စေနိုင်တယ် လို့
ဆိုကြတယ် ...

ဘာပဲဖြစ်ဖြစ် ချစ်သူရယ်
အလွမ်းပင်လယ်မှာ အလွမ်းလှေတွေနဲ့
အလွမ်းလှော်တက်ကိုင်ရင်း
လွမ်းနေ့တွေနဲ့ လွမ်းခရီးတော့
မဆက်ပါရစေနဲ့ ကွယ် ။
လွမ်းဆုလေး



စံပြချစ်သူ

မောင် ...
အချစ်မှာ မျက်စိမရှိဘူးတဲ့
လူတွေက ပြောကြတယ် ..
အချစ်မှာ မျက်စိမရှိပါဘူး
ဒါပေမယ့် မောင့်မျက်နှာကို အချိန်တိုင်းမြင်နေရုံပါ။

တစ်ယောက်မျက်နှာ တစ်ယောက်မြင်လို့
ဆိုသမျှ စကားလုံလေးတွေက
ကြည်နူးဖွယ်ကောင်းတယ်
အားအင်အပြည့်ဖြစ်စေခဲ့တယ်။

အချိန်တိုင်းမှာ သတိရလို့
လွမ်းဆွေးမှုတွေနဲ့ ရှေ့ဆက်ကြတယ်
ပြောလာသမျှ ရင်မှာသိမ်းလို့
မှားရင်လဲပြင် မှန်ရင်လဲထိန်းလို့
လမ်းပြသွန်သင် ဆုံးမပေးတဲ့
စံပြချစ်သူ တစ်ယောက်ပါပဲ ...

လွမ်းဆုလေး
 
 
 

အချစ်မှာ အလျားအနံ မရှိပေမယ့် အသွားအပြန်ရှိတယ်

ချစ်တာက ကောင်းတယ်လို့ပြောကြပေမယ့်
အချစ်ခံရတာက ပိုပြီးကောင်းတယ်တဲ့ ..

ကမ်းမရှိတဲ့မြစ်ထဲမှာ
ငါ မကူးခတ်ပါရစေနဲ့

တစ်ဘီးထဲနဲ့ လှိမ့်ရမယ့်အဖြစ်မျိုး
ငါ မဖြတ်သန်းပါရစေနဲ့

တုံ့ပြန်မှု မရှိတဲ့ အချစ်တွေနဲ့
ငါ မရှင်သန်ပါရစေနဲ့

တစ်ဖက်သတ်အချစ်ဆိုတာ
ဆုံးမှတ်ပျောက်နေတဲ့ မြှားတစ်စင်းတစ်ခုလိုပဲ

အချစ်တစ်ခုကို လက်ခံချိန်မှ
ငါ အထီးကျန်ဆန်ရမယ့်အဖြစ်မျိုး
ငါ မတိုးဝင်ပါရစေနဲ့ ...

အချစ်မှာ အလျားအနံ မရှိပေမယ့်
အသွားအပြန်ရှိတယ်ဆိုတာ
ယုံကြည်ပေးပါ ချစ်သူရယ် ....

လွမ်းဆုလေး
 
 

ထိုက်တန်ရဲ့လား

ဘ၀မှာ တစ်ကြိမ်တစ်ခါပဲချစ်ခဲ့ဖူးတယ် ...
ဒါပေမယ့် ....
အဲဒီအချစ်အတွက် ပေးဆပ်မှုက များလွန်းတယ် ...

ဒီလောက်တောင်ထိုက်တန်ရဲ့လားလို့ မေးရင်တော့
ဒီထက်တောင် ပိုထိုက်တန်တယ်လို့ ဖြေရမှာပဲ။
လွမ်းဆုလေး
 

 

မာယာချစ်ခြင်း

ချစ်သူရေ....
အချစ်ကိုဖမ်းဆုပ်ရတာဟာ
ရေကန်ထဲက လရိပ်ကိုဖမ်းဆုပ်ရသလိုပဲ
ဆုပ်ကိုင်လို့မရတဲ့ မာယာတွေနဲ့
အတုကို အစစ်ပမာ ထင်စေခဲ့တယ်။

ချစ်သူရေ..
တစ်ခါတစ်လေမှာတော့
အချစ်ဆိုတာ ငါးမျှားတံတစ်ခုလိုပဲ
ငါးတစ်ကောင် အစာလာဟပ်ဖို့
ငါးစာချထားရသလို
ငါ့အချစ်တွေကိုအစာအဖြစ် ချထားရတယ်။

ချစ်သူရေ...
တစ်ခါတစ်ရံမှာတော့
အချစ်ဆိုတာ သိုးကလေးလိုပါပဲ
သိပ်ကိုဖြူစင်လွန်းတယ်

ဒါပေမယ့်...
တစ်ခါတစ်ခါမှာတော့
အချစ်ဆိုတာ ဖွဲမီးလိုပဲ
ရင်တစ်ခုလုံးကို တငွေ့ငွေ့နဲ့
ကျွမ်းလောင်စေခဲ့တယ် ...

လွမ်းဆုလေး 



ပြန်ပေးပါ

ကောင်ကလေးရေ...
ငါ့ရင်ခုန်သံတို့ ပြန်ပေး
ရင်ခုန်သံတို့ ပြန်ပေးပါ ...
မင်းနဲ့ရှိမယ့် ရင်ခုန်သံတို့
ငါ့အတွက် ပြန်ပေးပါ ။

ကောင်ကလေးရေ...
ငါ့ မျှော်လင့်ချက်တို့ ပြန်ပေး
မျှော်လင့်ချက်တို့ပြန်ပေးပါ
မင်းအတွက်ထားရစ်မယ့် မျှော်လင့်ခြင်းတို့
ငါ့အတွက် ပြန်ပေးပါ ။

ကောင်ကလေးရေ...
ငါ့ မျက်ရည်တွေ ပြန်ပေး
မျက်ရည်စက်တွေ ပြန်ပေးပါ
မင်း အတွက် ငိုကြွေးခဲ့တဲ့ မျက်ရည်စက်တို့
ငါ့အတွက် ပြန်ပေးပါ ။

ကောင်ကလေးရေ...
ငါ့ အချစ်တွေ ပြန်ပေး
အချစ်တွေ ပြန်ပေးပါ
မင်းအတွက် ရှင်သန်နေတဲ့ အချစ်တို့
ငါ့အတွက် ပြန်ပေးပါ။

ကောင်ကလေးရေ...
ငါ့ အနာဂတ်တို့ပြန်ပေး
အနာဂတ်တို့ ပြန်ပေးပါ
မင်းတစ်ယောက်ထဲသာ ပိုင်တဲ့ အနာဂတ်တို့
ငါ့အတွက် ပြန်ပေးပါ။

ကောင်ကလေးရေ...
မင်းနဲ့ပတ်သက်သမျှ ငါ့ဘ၀တို့
အရာရာကို ပြန်ပေး
ပြန်ပေးပါ ..

လွမ်းဆုလေး


အနေဝေးသွားခဲ့ရင်

ချစ်သူရေ....
အနေဝေးတော့ ဆွေးရတတ်သတဲ့
 ရှေးလူကြီးတွေပြောခဲ့ကြတယ်။
အဝေးက ပို့တဲ့အချစ်
အဝေးက ပို့တဲ့မေတ္တာ
တာရှည်ခံမယ်ထင်နိုင်လားတဲ့။
စိတ်ကူးယဉ်သမားတွေလို 
ပိုင်ဆိုင်ဖို့မဖြစ်နိုင်လဲ 
 ပေးဆပ်ချစ်ဖို့ဆိုတာ 
လွယ်မယ်ထင်နေတာလားတဲ့ .. 
 လူချင်းဝေးပေမယ့် 
 နှလုံးသားချင်း နီးနေတယ်ဆိုတာ 
ကဗျာဆရာတွေရဲ့ စာသားတစ်ခုပါတဲ့ ... 
ဘယ်လောက်ချစ်ချစ် 
အနေဝေးသွားခဲ့ရင် 
အရာရာဟာ သူစိမ်းဆန်သွားမှာပါတဲ့ 
ဟုတ်ရဲ့လား ချစ်သူရယ် ... 
 

စိတ်ကောက်တယ်ဆိုတာလဲ

ချစ်သူ ...

ချစ်သူလဲ စိတ်ကောက်တတ်သားပဲနော်
ဘာပဲဖြစ်ဖြစ်လေ
စိတ်ကောက်တယ်ဆိုတာလဲ
ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုပဲမဟုတ်လား ။

ချစ်သူက ချစ်လို့စိတ်ကောက်တာ ပဲ
မဆန်းပါဘူး ချစ်သူရယ် ...

ချစ်သူစိတ်ကောက်ရင် ချော့မှာပေါ့
ချစ်သူသာ စိတ်မကောက်ရင်
ကိုယ်ချော့ချင်လဲ ချော့လို့ရမှာမဟုတ်ဘူး
ကိုယ်ကြင်နာတာကို ပြခွင့်ရှိမှာ မဟုတ်ဘူးလေ ။

စိတ်မကောက်တတ်ဘူး သ၀န်မတိုတတ်ဘူးဆိုတဲ့
ချစ်သူကို ချစ်ရတာထက သ၀န်တို စိတ်ကောက်
ရန်လုပ်တတ်တဲ့ချစ်သူက ပိုပြီး ချစ်ဖို့ကောင်းတယ် ။

စိတ်မကောက်တတ်တဲ့ ချစ်သူကို ချစ်ရတာ
ခြောက်ကပ်ကပ်နဲ့ ပျင်းဖို့ကောင်းတယ်
ရေးခြစ်လို့ မရတော့တဲ့ မင်ကုန်နေတဲ့
ဖောင်တိန် တစ်ချောင်းလိုပေါ့
ပျော်ဖို့မကောင်းတော့ဘူး ။

စိတ်ကောက် စိတ်ဆိုး သ၀န်တိုတဲ့
ချစ်သူကို ချစ်ရတာကမှ
စိတ်ဆိုးလိုက် ချော့လိုက်နဲ့
မပြတ်နိုင်တဲ့ ချစ်ခြင်းတွေနဲ့ ပိုပြီး ရစ်ပတ်နေမယ်
အချိန်တိုင်း မမေ့နိုင်အောင် သတိရနေစေမယ်
လွမ်းနေ တမ်းတစေတယ် ...

တကယ်တော့ ချစ်သူရယ်
စိတ်ကောက်တယ်ဆိုတာလဲ ချစ်သူတွေ ကြားက
နှောင်ကြိုးလေးတစ်မျှင်ပါပဲ ကွယ် ..

လွမ်းဆုလေး
 
 

လူတစ်ယောက်ကိုချစ်မိရင်တော့

ကျွန်မကြားဖူးတာရှိတယ် ...

မွေးရပ်မြေနဲ့ ခွဲခွာတာ ကြာခဲ့ရင်
မွေးရပ်မြေဆီက ပင်ကိုယ်ဟန်တွေ ပျောက်ကွယ်သွားမယ်တဲ့

နာကျင်ရတာများမှ ကိုယ့်ကိုယ်ကို
ခွင့်လွှတ်တတ်လာတယ်

မျှော်လင့်ချက်ပန်းတိုင်တစ်ခုမှာ ကျဆုံးခဲ့ရင်
ကောင်းကင်က မိုးစက်တွေလိုပဲ
မြေပြင်အောက်မှာ ပျောက်ကွယ်ရမယ်

လူတစ်ယောက်ကိုချစ်မိရင်တော့ ....
ကြည်နူးမှုကအသစ်တဖန်မွေးဖွားလာတယ်
ချစ်ခြင်းတရားတွေနဲ့ နွေးထွေးသွားစေတယ် ။

လွမ်းဆုလေး


တစ်ချိန်တုန်းက ကဗျာရေးတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်

ချစ်သူ…
 မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်…

လေညင်းလေးနဲ့ ပို့လိုက်တယ် .. 
ချစ်သူခံစား..လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်…….။

အနားမှာ..နေ… 
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်… 
အခြေအနေ..မပေးလို့…တို့တွေ 
ဝေးနေကြရဦးမယ်……..။ 
 
ဘယ်ကို..ရောက်ရောက်..ဘယ်လောက်
ဝေးဝေးပြန်ဆုံမယ့်နေ့ကို တွေးလို့… 
လက်ချိုးရေတွက်..ပြက္ခဒိန်တွေ
ကျော်ဖြတ်ကြမယ်နော်……။ 
 
ပြန်တွေ့တဲ့အခါ…
လွမ်းခဲ့ရတာတွေကို အတိုးချ...
 အရင်တုံးကထက်.. 
ပိုပြီး ချစ်ကြမယ်….
 
 ပြန်တွေ့တဲ့အခါ
သိမ်းဆည်းထားတဲ့…စကားတွေ.. 
နှစ်ကိုယ်ကြား..ပြောကြမယ်…
 
 ပြန်တွေ့တဲ့ အခါ..
ကဗျာတွေ အတူတူရေးလို့..  
နီးစပ်ဖို့အရေး..ဆွေးနွေးကြမယ်…… 
 
ချစ်သူရေ..

တစ်နေ့ထက် တစ်နေ့..ပိုပိုဆိုး…
 အချစ်စိတ်တွေက..တိုး.တိုးလာတာမို့.. 
တူနှစ်ကိုယ် နီးဖို့အရေး…
ကိုယ့်အနားကို.. အမြန်ဆုံးပြေးလာခဲ့ကွယ်…..။ 
 
အရမ်းလွမ်းတယ် ချစ်သူရယ် အရမ်းချစ်တယ်။

                      လွမ်းဆောင်း 


မင်းမှမမြင်ခဲ့တာ ...


တစ်ဆစ်ဆစ်နာကျင်နေတဲ့ ဘယ်ဘက်ရင်တစ်ခြမ်းကို
မင်းမှမမြင်ခဲ့တာ ...

ပင်လယ်ပြင်လောက် ကျယ်ပြောတဲ့ မျက်ရည်တောမှာ
နစ်မွန်းနေတဲ့ ငါ့နှလုံးသားကို နင်မှ မကြည့်တတ်ခဲ့တာ ...

တုန်ယင်နေတဲ့ နှုတ်ခမ်းပါးတို့ သွေးစတွေစွန်း
နားလည်အောင် ကြိုးစားနေရတာကို မင်းမှ မသိခဲ့တာ ...

ကြေကွဲနေတဲ့ အသဲတစ်ခြမ်း
ရေခဲတောင်ပြိုကျသလို တားဆီးမဲ့နေခဲ့တာ မင်းမှမတွေ့ခဲ့တာ ..

မျက်ရည်စတို့ အပြုံး ဘယ်ထိ ၀မ်းနည်းနေလဲ
မင်းမှ မတွေးခဲ့တာ ...

မျှော်လင့်နေတဲ့ အကြင်နာတစ်ခု
ပေးဖို့အတွက် ငါက အသုံးမှ မ၀င်ခဲ့တာ ...

နွေးထွေးတဲ့ ရင်ခွင်တစ်ခု တောင့်တနေတဲ့
ငါ့အဖြစ်တွေ မင်းမှ နားမလည်ခဲ့တာ ...

အရှုံးတွေကို ပိုက်ထွေး နာကျင်ခြင်းတွေ တစ်ပုံကြီးနဲ့
ကျရှုံးခဲ့တဲ့ ငါ့အဖြစ်ကို မင်းမှ မစာနာတတ်ခဲ့တာ .. 
 

နင်သိစေချင်တယ်

ငါ့ကိုယ်ငါ စွန့်ပစ်ဖို့ မခက်ခဲပါဘူး
ငါ ချစ်တဲ့သူကို မေ့ဖို့အတွက် ခက်ခဲလွန်းတယ်။

ငါ့ကိုယ်ငါ စတေးဖို့ မခက်ခဲပါဘူး
ငါချစ်တဲ့သူကို စတေးဖို့အတွက် ခက်ခဲလွန်းတယ်။

ငါ့ကိုယ်ငါ အဆုံးရှုံးခံဖို့ မခက်ခဲပါဘူး
ငါချစ်သူကို အဆုံးရှုံးခံဖို့က ခက်ခဲလွန်းတယ်။

ငါ့ နှလုံးသားကို ငါ ဆွဲနုတ်ပစ်ဖို့က မခက်ခဲပါဘူး
အဲနှလုံးသားထဲက ငါ့ချစ်သူကို ဆွဲနုတ်ဖို့ ခက်ခဲလွန်းတယ် ။

လွမ်းဆုလေး


အွန်လိုင်းချစ်သူ

ချစ်သူရယ် ...
ဝေဒနာအန်တု
မခွဲနိုင်တဲ့ စိတ်တစ်ခုကြောင့်
ညများစွာငိုကြွေး
အလွမ်းတေးတို့ များလှပြီ။

မျှော်လင့်ချက်တို့ မှေးမှိန်
ငါ့အနာဂတ်တို့ ဆိတ်သုန်း
စိတ်ကူးတွေလဲ လေလွင့်နေခဲ့တာ
ကြာပါပြီ။

မင်းက င့ါဘ၀ရဲ့ လမ်းပြကြယ်
ဒီကြယ်တစ်စင်း မြေခ ကြွေကျမှာတော့
ငါ မလိုချင်မိဘူး ။

မင်းမသိအောင် ငိုကြွေးခဲ့တဲ့
ငါ့မျက်ရည်တွေ
နင့်ဆီ massage ပို့တဲ့
သုံးနေကျ ငါ့ keyboard ထက်မှာ
ရွဲစိုလို့ပေါ့ ...

ငါ့ computer ထက်က
မြင်နေရတဲ့ ပုံရိပ်တွေဟာ
မှုန်ဝါးဝါးနဲ့ အရာရာက
မခိုင်မြဲသလိုပဲ ။

ကြင်နာစွာထွေးပိုက်
ချိုမြိန်တဲ့အနမ်းတို့
ပေးချင်သော်လဲ
အခြေအနေရယ် မပေးသေးတာကြောင့်
တို့နှစ်ယောက် ဝေးနေရဆဲ
တစ်နေရာဆီမှာ ရှိနေဆဲ ...

လွမ်းဆုလေး


ငါမရှိတဲ့နောက်

ငါ မရှိတဲ့နောက်
ငါ့ကို အမြဲတမ်းတပါလို့ မတောင်းဆိုပါဘူး

ငါ့တစ်ယောက်ကိုသာ သတိရပါလို့ မပြောပါဘူး

ငါ့အတွက်သာ အချစ်တွေသေဆုံးသည်အထိ
နှင်းအပ်ပါလို့ မဆိုလိုပါဘူး

ငါတစ်ယောက်သာ အရာအားလုံးလွှမ်းမိုးထားခွင့်ပေးပါလို့
ကတိတွေမတောင်းခဲ့ပါဘူး ..

ငါမရှိတဲ့နောက် ငါ မရှိတော့တဲ့နေ့ရက်များစွာမှာ
တစ်ရံတစ်ခါ တိုက်ဆိုင်မှုတွေ ရှိလာခဲ့ရင်
တစ်ချိန်က မင်းအနားမှာ ရှိနေခဲ့ဖူးတယ် ဆိုတာ
သတိရပေးပါ...

လွမ်းဆုလေး
 
 

အရာရာက အရင်အတိုင်းပါပဲ


အိပ်မရတဲ့ညတို့ အလယ်
အိပ်မက်တွေထွက်ပြေး
မိုးလင်းထိ ငါ တွေးလို့နေမိတယ် ..

အေးစက်စက် အခန်းနံရံတွေဆီက
ဖြူနုနု နှင်းပွင့်တွေကို
အဓိပ္ပာယ်မဲ့ ငါ ကြည့်နေမိတယ်...

လှပတဲ့ဆောင်းတစ်ညအတွက်
စာတစ်ကြောင်း ရေးမိတော့
ဖျတ်ခနဲ ကြွေကျလာတာ နှင်း တစ်စက်..

နင်တွေးဖူးခဲ့လား
အဖော်မဲ့ညတွေမှာ အရင်တွေထက်
ပိုမှောင်တယ်ဆိုတာကိုပေါ့ ...

လိုချင်တာတွေ မရ
မလိုတာတွေရနေတဲ့ ငါ့အဖြစ်တွေက
အေးတော့ အေးချမ်းပါတယ်
ငါ့အနား မင်း မရှိခဲ့နိုင်တာကလွဲရင်
အရာရာက အရင်အတိုင်းပါပဲ.....


လွမ်းဆုလေး


နင်က ဘယ်သူလဲ

ငါ့ နှလုံးသားစာရွက်
အဖြူသက်သက်အပေါ်
ကာလာရောင်ခြယ် ပန်းချီဆွဲရေးဆွဲ
ပုံတွေပြောင်းပေးခဲ့တာ
ဘယ်သူလဲ.....

ငါ့ အသဲနှလုံး
တစ်စမကျန် အကုန်သုံးဆောင်လိုက်တာ
ဘယ်သူလဲ ....

ငါ့အတွက်အိပ်မက်
အလွမ်းအဆွေးတို့ပေး
မျှော်လင့်ခြင်းတွေ ဆေးထည့်ခဲ့တာ
ဘယ်သူလဲ ....

ငါ့နှလုံးသားကိုယူ
ငါ့အတွေးကို ပိုင်စိုး
ငါ့အနာဂတ်ကို သိမ်းပိုက်ပြီးမှ
လက်ပြနှုတ်ဆက် ကျောခိုင်းရက်တာ
ဘယ်သူလဲ ....

ငါ့ ရင်ကိုခွဲ
ငါ့ မျှော်လင့်ချက်တွေနင်းခြေ
ငါ့ သမိုင်းကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့
နင် ....... နင် .......
နင်က ဘယ်သူလဲ .....

လွမ်းဆုလေး



ဖြေရှင်းတာထက်

အရင်တုန်းက နင်မဟုတ်တော့မှန်းသိပါတယ်
အရင်ကပေးနေကျ နင့်အနမ်းတွေ
ပြောင်းလဲနေမှန်းသိနေတယ်
အရင်တုန်းက ရေးနေကျ နင့်အရေးအသားတွေ
မဟုတ်တော့တာလဲ သိနေပါတယ်..

ငါတို့နှစ်ယောက် မိုင်တွေထောင်ချီ ဝေးနေခဲ့လို့
အရာရာဟာ ပြောင်းလဲခဲ့မှန်းသိပါတယ် ..

အနေဝေးလို့ သွေးအေးတယ်ဆိုပေမယ့်
ငါ ကြားသမျှတော့ မယုံရဲသေးဘူး
ဒါပေမယ့် နင့်စိတ်ကို နင်ပိုင်ပါတယ်
နင် သဘောတိုင်းပဲ နေလိုက်ပါ
နင်ပျော်မယ်ဆိုရင်ပေါ့ ...

နင်ရဲ့ အသံတိတ်စကားလုံးတွေကို
တစ်ခါထဲ ဖတ်မိရုံနဲ့ ငါ ရင်ထဲသာမက
ဦးနှောက်တစ်ခုလုံးကပါ နားလည်နေပါပြီ
လူတိုင်းက ကိုယ့်လမ်းကိုယ်လျှောက်ကြတာရပါ ။

အသိုက်ဝန်းကျင်ခွဲသွားတဲ့နောက်
ဘယ်သူမဆို ပြောင်းလဲတတ်ကြတာပဲ
နေသားတကျ ရှိနေရင် ငါ ကျေနပ်ပါပြီ။

ငါ့ဆီ မပြန်လာချင်နေပါတော့
ငါပြန်လိုချင်မိတဲ့ တစ်ချိန်က မင်းအပြုံးများကို
ငါ ဝေးတစ်နေရာကပဲ ကြည့်ပါတော့မယ်..

ငါ့ရင်ခွင်ထဲက သံသယတွေအတွက်
ဖြေရှင်းဖို့ မကြိုးစားပါနဲ့
ဒီတိုင်းလေးနေလိုက်တာက ဖြေရှင်းတာထက်
ပိုပြီးပြည့်စုံလို့ပါ..

လွမ်းဆုလေး


ကျွန်မအရမ်းတော့ မချစ်ခဲ့ပါဘူး

ကိန္နရီ ကိန္နရာမောင်နှံက
တစ်ညတာချောင်းခြား ဝေးခဲ့ရလို့
နှစ်ပေါင်း ၇၀၀ တိုင်တိုင် ငိုကြွေးကြသတဲ့။

ဟင်္သာတွေက တစ်ကောင်သေဆုံးခဲ့ရင်
နောက်တစ်ကောင်ပါ ရင်ကွဲပြီးသေသတဲ့။

စွယ်တော်ရွက်တွေက နှစ်လွှာပေါင်းမှ
တစ်ရွက်လို့ ခေါ်ကြတာတဲ့။

ကျွန်မ သူ့ကိုချစ်တဲ့အချစ်တွေက ...

ရိုမီရို နဲ့ ဂျုးလိယက်
ရှင်မွှေးနွန်းနဲ့ မင်းနန္ဒာ
ကနောင်မင်းသားနဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးလေးထက်
မသာခဲ့တောင် ညီတူညီမျှတော့ ရှိမှာပါ ...

ကျွန်မအရမ်းတော့ မချစ်ခဲ့ပါဘူး
ကိန္နရာမောင်နှံလိုနှစ်ပေါင်း ၇၀၀ ဆွေးဖို့မဖြစ်နိုင်ပေမယ့်
ဘ၀အဆက်ဆက်တော့ လွမ်းနေအုံးမယ် ..

ရာဇ၀င် သမိုင်းမှာ
လှိုင်မင်းသမီးလေးလို သမိုင်းမတွင်နိုင်ပေမယ့်
သူ့ ရင်ခွင် နှလုံးသားမှာတော့ မှတ်တိုင်ထူထားချင်တယ် ...

ခွန်ဆန်လောနဲ့ နန်ဦးပြင်လို
အားလုံးဝိုင်းခွဲလို့ သေပွဲဝင်ခဲ့ရတောင်
ကြယ်တာရာအဖြစ် အတူ ရှိချင်သေးတယ်
အလယ်က ထမ်းပိုးတစ်ခု မခြားပဲနဲ့ပေါ့။

လွမ်းဆုလေး


ဝန်ခံခြင်း

တိတ်တခိုးမဟုတ်ပေမယ့် မ၀ံ့မရဲဖြစ်နေမိတာပါ

တစ်ဖက်သတ်မဟုတ်ပေမယ့် ဖော်မထုတ်ရဲတာပါ

မယုံကြည်နိုင်တာမဟုတ်ပေမယ့် မယုံရဲသေးတာပါ

မသေချာတာမဟုတ်ပေမယ့် ဖွင့်မပြောရဲသေးတာပါ

မချစ်လို့ မဟုတ်ပေမယ့် ၀န်မခံရဲသေးတာပါ

လမ်းခွဲနိုင်တာ မဟုတ်ပေမယ့် တမင်နှင်နေမိတာပါ ..

အဝေးဆုံးကို မဟုတ်ပေမယ့် အနီးနားမှာ ရှိနေချင်သေးတာပါ ..

လွမ်းဆုလေး


ဘယ်လိုပြောပြရမှာလဲ

သူ့ကိုချစ်တဲ့ အချစ်တွေ မေတ္တာတွေကို
ရင်ထဲတစ်နေရာမှာ သိမ်းစု
သူ့ရင်ခွင်ရိပ် နားခိုကာ
တယုတယ ပြောပြချင်ပေမယ့်
အနေရယ်ဝေးခဲ့တာကြောင့်
မျိုသိပ်ထားလိုက်မိပါတယ်..

သူ့ကိုလွမ်းဆွတ်တဲ့အကြောင်းတွေကို
နှလုံးသားမှာ သိမ်းထားတဲ့အကြောင်း
သူ့ပုခုံးထက်မှီကာ ပြောပြချင်ပေမယ့်
ရေမြေတွေခြားနေတာကြောင့်
သိမ်းဆည်းထားလိုက်ပါတယ် ...

သူ့ကိုဘာလို့ချစ်တဲ့အကြောင်း
သူ့မျက်နှာငေးကာ ပြောပြချင်ပေမယ့်
မဖြစ်နိုင်သေးတာမို့
ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတယ် ..

တစ်နေ့ကျရင်
သူ့ရင်ခွင်ထက်မှာ
သူ့ပခုံးထက်ခေါင်းလေးမှီ
သူ့ အကြင်နာတွေအောက်မှာ
သူ့ကို မြတ်နိုးမိတဲ့အကြောင်း
ပြောပြခွင့် ရနိုင်မယ်လို့
ယုံကြည်နေတယ် ... 
 
 

မင်းမရှိရင်

ထွက်သွားပါ.. ရပါတယ်... ဆိုတဲ့ စကားလုံးနောက်မှာ
မသွားပါနဲ့ဆိုတဲ့ တားမြစ်ခြင်းတွေ ကြီးစိုးနေတယ်..

လမ်းခွဲမယ်ဆိုတဲံ စကားလုံးနောက်မှာ
ရှိနေပေးပါဆိုတဲ့ တားဆီးမှုတို့ ရှိနေတယ်...

အရမ်းမုန်းတယ်ဆိုတဲ့ စကားလုံးနောက်မှာ
အရမ်းချစ်တယ်ချစ်သူရယ်လို့ ပြောနေမိတယ်..

မတွေ့ချင်ဘူးလို့ အော်ဟစ်နေတဲ့ နောက်ကွယ်မှာ
ထွက်မသွားပါနဲ့လို့ တားဆီးခြင်းတွေ ရှိနေတယ်..

မင်းမရှိလို့ ဘာမှမဖြစ်သွားဘူးဆိုတဲ့နောက်မှာ
အရာရာဟာ သေဆုံးနေပြီးသား ဖြစ်နေခဲ့တယ် ..

လွမ်းဆုလေး


အထီးကျန်ဆန်သူ

လပြည့်ညသန်းခေါင်ယံ
လရောင်ပျောက်ရှနေခဲ့..
 အလင်းမဲ့ညအလယ်
မှိတ်တုတ်မှိတ်တုတ်ကြာတာရာအပေါင်းတို့
ငိုကြွေးသံက ဆူညံနေလေရဲ့ ..

အဝေးဆီမှ ဖြည်းညှင်းစွာ
တိုးဝှေ့လာတဲ့ လေပြေတွေက
ရှောင်ပြေးလို့ ...

ညအချိန် မွှေးလွန်းတတ်တဲ့
ပန်းအပေါင်းတို့ ရနံ့မဲ့နေခဲ့ ...

ညချစ်သူ ပိုးဖလံတို့
အသံတိတ်ဆိတ်ကာ ၀မ်းနည်းနေလေရဲ့ ...

ညပျော်မြူးတဲ့ ညငှက်တို့လဲ
ငြိမ်သက်နေလေရဲ့ ...

သူ့တို့အလယ် လူတစ်ယောက်ရဲ့
ရင်ထဲမှ တေးသီးချင်သံက
အားလုံးထက် .....

လွမ်းဆုလေး


နင် မရှိရင်

အနေဝေးတဲ့ ငါတို့နှစ်ယောက်
ယုံကြည်မှုနဲ့ခရီးဆက်လို့
အချိန်တန် နင်မရောက်လာခဲ့ရင်
စိုးရိမ်စိတ်တစ်ခုနဲ့
ရူးသွပ်နေရသူက ငါ ရယ်ပါ...

လူတစ်ထောင် စကားမပြောလဲ
ငါ နေနိုင်ပေမယ့်
နင် တစ်ယောက် စကားလုံး ပျောက်နေတဲ့ချိန်မှာ
ငါ့ဘ၀ ရေမဲ့ပန်းလို နွမ်းခြောက်သွားရသူပါဟာ ..

နင် နဲ့ ဝေးရင်ဆိုတဲ့အတွေး
စိတ်ကူးနဲ့တောင် ငါ ကြောက်လန့်နေလို့
နင် ကျောခိုင်းလိုက်မဲ့အချိန်ကို
ငါ ခွင့်မပြုနိုင်ဘူး
နင် မရှိရင် ငါ လဲမရှိတော့လို့ပါ ချစ်သူရာ ...

ဘယ်သူတွေ ငါ့ကို စွန့်ပစ်ထားလဲ
ငါ မကြောက်တတ်ခဲ့ပါဘူး
နင် မရှိရင်တော့
ငါ့ ဘ၀မှာ အရာရာဟာ
မြေမြှုပ်သဂြိုလ်ပြီးသား ဖြစ်သွားမှာပါ ..

လွမ်းဆုလေး


ကွက်လပ်

ချစ်သူ ...
အသဲကွဲမှာကြောက်ရင် မချစ်နဲ့တဲ့။

အသဲကွဲမယ်ဆိုတာ သိရက်နဲ့
မကြောက်မရွံ့ ငါ တိုးပြီးချစ်ခဲ့မိတာပါ ။

အထီးကျန်ဆန်မယ်ဆိုတာ သိနေရက်နဲ့
နောင်တမရပဲ ငါ ခရီးဆက်ခဲ့တာပါ။

ကြေကွဲရမှာ သိရက်နဲ့ မစိုးရိမ်ပဲ
ငါ အရူးအမူး ချစ်ခဲ့တာပါ။

လွမ်းရမှာ သိနေရက်
မပူမပင် ငါ ခုန်ဆင်းခဲ့မိတာပါ ။

အချစ်ဆိုတဲ့ စကားနှစ်လုံးကြောင့်
အားအင်တွေ အပြည့်ရှိလာတဲ့ ငါ့မှာ

မင်း မရှိသေးတဲ့ ငါ့နားက ကွက်လပ်လေးမှာ
ငါ တစ်ယောက်ထဲ မင်းပုံရိပ်ကို အစားထည့်
တမ်းတနေပါတယ်ဟာ ... ။
လွမ်းဆုလေး
 
 

အမေများနေ့ရဲ့ အမေများသို့

အနန္တော အနန္တ ငါးပါးထဲမှာ
တစ်ပါး အပါအ၀င်ဖြစ်တဲ့
မွေးမိခင် မေမေ နှင့် ကျွေးမိခင် မေမေ
သံသရာအဆက်ဆက် တော်စပ်ခဲ့ဖူးသော
မေမေ တို့အားလုံးကို ဒီစာစုနဲ့အတူ
ကျေးဇူးအောက့်မေ ကန်တော့ပါသည်မေမေ..

ကိုယ်ထိလက်ရောင် ကျေးဇူးဆပ်ချင်ပေမယ့်
ဘ၀ခြားခဲ့လေသောမေမေအား
ရင်ထဲ နှလုံးသားမှ ကျေးဇူးအောက်မေ့
သတိရ ပေးဆပ်နေပါသည်မေမေ ..

ဒုက္ခကိုလှေလှော် သောကကိုရွက်လုပ်
လောကဓံဆိုတဲ့ တက်လေးနဲ့ သားသမီးတစ်ယောက်
အရွယ်ရောက်အောင် ဘေးရန်မျိုးစုံမှ
ပြုစုပျိုးထောင် အမြင့်တင်ပေးသည့်မေမေ...

ပွင့်သောပန်းတိုင်း လှပါလျှင် ပီတိဖြစ်ကာ
ဝမ်းမြောက်နေသည့် ဥယာဉ်မှုးပမာ
သားသမီးမျက်နှာ ကြည့်ရှုကာဖြင့်
မထိရက် မတို့ရက် သားသမီးတို့ရဲ့
ဥယာဉ်မှူးမေမေ ...

မေမေကိုရန်ပြုမည့်
သားဆိုးသမီးမိုက်ကိုပင်လျှင်
မေတ္တာစိတ်ဖြင့် နားလည်ပေးရင်း
အရွယ်ရောက်အောင် ကျွေးမွေးပေးသည့်
အတုမဲ့မေမေ...

သားသမီးတွေအတွက် မိုးကောင်းကင်ထက်ပင်
ကျယ်ပြောသော ရင်ခွင်ဖြင့်အုပ်ကာ
မြေထုပမာ သည်းခံချစ်ခြင်းတို့ဖြင့်
နားလည် သည်းခံပေးရှာတဲ့ မေမေ ..

မေမေဂုဏ်ရည် စာဖွဲ့လို့
ဘယ်လိုပင်ရေးသော်လည်း
မမီနိုင်လို့ ကလောင်တံချ
ငေးမောရသည်မေမေ... ။

သံသရာအဆက်ဆက်မှ မေမေတို့အား ဒီစာစုကဗျာတစ်ခုဖြင့် ရှိခိုးကန်တော့ပါသည်။

(ဘ၀တစ်ပါး ခြားလေသော မေမေတို့အား ကိုယ်စိတ်နှလုံး သုံးပါးတို့ဖြင့် အစဉ်အောက်မေ့လျှက် သားတို့ သမီးတို့တတ်မြောက်သောပညာကျေးဇူးဖြင့် ဆပ်ခွင့်ပြုပါမေမေ။ )

မေမေကို အစဉ်တမ်းတ လွမ်းဆွတ်လျှက်ဖြင့်..
လွမ်းဆောင်း - လွမ်းဆုလေး(ခ) ဆုလေးနွယ်


ထာဝရဘုရင်

ကျွန်မနှလုံးသားတစ်ခုလုံးကို
သိမ်းပိုက်လိုက်တာတောင်
မကျေနပ်နိုင်သေးဘူးတဲ့။

ကျွန်မရဲ့ အတွေးကမ္ဘာထဲ
ကျူးကျော်လာခဲ့တယ်
ဘယ်ထိ ဆိုးလိုက်လေသလဲလို့ ...

ကျွန်မ အာရုံတစ်ခုလုံးကို
ချုပ်ကိုင်ထားပြီးတာတောင်
လိုအပ်သေးတယ်ဆိုပြီး
ကျွန်မ အနာဂတ်ကိုပါ သူ ...
ခိုးယူသွားခဲ့တယ်။

ခုတော့ ..
အရာအားလုံး သူတစ်ယောက်ထဲသာ
အုပ်ချုပ်မင်းလုပ်နေပြီလေ

ကျွန်မရဲ့ ထာဝရဘုရင်အဖြစ်နဲ့ပေါ့။

လွမ်းဆုလေး
 
 

ပြန်လိုချင်မိတယ်

ခံစားမှုကို ဟာသလုပ်
တစ်ချိန်က ရီစရာလုပ်ခဲ့တဲ့ငါ
မင်းနဲ့ကျမှ မျက်ရည်တွေစီး
ရင်တွေလဲ နာတတ်လာတယ် ..

အချစ်ဆိုတာ ချိုနဲ့လားလို့
မေးခွန်းတွေ မနားတမ်းထုတ်တတ်တဲ့ငါ
မင်းနဲ့တွေ့မှ မရှုမလှခံစားနေရတယ် ..

အလွမ်း ဆိုတာ ဘာရောင်လဲလို့
မဆီမဆိုင် မေးတတ်တဲ့ငါ
မင်းနဲ့ဆုံမှ ရူးတတ်လာတယ် ..

တစ်ခါတစ်ခါတော့လဲ
ငါ ပြန်လိုချင်မိတယ်
တစ်ချိန်က မာနလေးကို ...

လွမ်းဆုလေး
 
 

လွမ်း

အလွမ်း ...
စက္ကန့်တိုင်း လွမ်း
မိနစ်တိုင်းလွမ်း
နာရီတိုင်းလွမ်း
နေ့ရက်တိုင်းလွမ်း
ငါ့စိတ်ကူးတွေလဲ လွမ်း
အိပ်မက်တွေလဲ လွမ်း
ငါ့အနာဂတ်တွေလဲလွမ်း
လွမ်းလို့မှ မဆုံးနိုင်
မကုန်နိုင်သေးတဲ့ ဒီအလွမ်း
မခန်းနိုင်တဲ့ဒီအလွမ်း
မပြောင်းလဲနိုင်တဲ့ အလွမ်းတွေကို
ဘယ်လိုချိန် လာကြည့်ကြည့် လွမ်းနေလို့
အလွမ်းသံသရာသရာမှာ
လွမ်းဒိုင်ယာရီနဲ့ လွမ်းခဲတံကို ကိုင်ပြီး
လွမ်း စရာတွေ ရေးနေအုံးမယ်
လွမ်းစရာတွေ တွေးနေအုံးမယ်
မိုးလင်း မိုးချုပ် ငါ့သမိုင်းစာအုပ်ထဲမှာ
နဖူးပေါ်လက်တင် တွေးမိရင်တောင်မှ
လွမ်း ဆိုတာ ပေါ်နေအုံးမယ် ....

လွမ်းဆုလေး


အဝေးကချစ်နေတာလဲ အချစ်တစ်ခုပါ

ငါ မငိုပါဘူးဟာ...
ငါ့ရင်ထဲက မွန်းကျပ်မှုကို မျက်ရည်အဖြစ်
ဖောက်ထုတ်ပစ်လိုက်ရုံပါ။

ငါ့ ပါးပြင်ထက်က မြစ်နှစ်စင်းကို မကြည့်ပါနဲ့
နင် သွားမယ့်လမ်းသာ ဖြောင့်ဖြူးပါစေ။

ငါကြေကွဲနေမယ်လို့ နင် မတွေးပါနဲ့
ကြာလာရင် နေသားတကျဖြစ်သွားမှာပါ ။

ငါ အထီးကျန်နေမယ်လို့ မထင်ပါနဲ့
ငါ့ရင်ထဲမှာ မင်း ရှင်သန်သေးသမျှ ငါ အထီးမကျန်ပါဘူး ။

ငါ မုန်းလို့ စွန့်ခွာချင်တယ်လို့ မယူဆလိုက်ပါနဲ့
ငါ ပျော်ဖို့ထက် နင်ပျော်ဖို့က ပိုအရေးကြီးလို့ပါ ။

ကျောခိုင်းပြီးတဲ့နောက် ပြန်လှည့်မကြည့်ပါနဲ့
ရူးသွပ်နေတဲ့ ငါ့အဖြစ်တွေကို မမြင်စေချင်လို့ပါ ။

ငါတို့ချစ်ခဲ့တဲ့ရက်တွေကို မလွမ်းဆွေးပါနဲ့
ဒီအလွမ်းတွေကြားက ရင်ကွဲနေတဲ့ ငါ့ကို မတွေ့စေချင်လို့ပါ ။

နင် လျှောက်မယ့်လမ်းခရီးမှာ
အပြုံးတွေနဲ့ လမ်းခင်းထားပါ့မယ်
ငါ့ ရင်ထဲက အရာရာကို သိမ်းဆည်းပြီးတော့ပေါ့။

ငါ မနာကျင် မခံစားရလို့တော့ မဟုတ်ပါဘူး
ငါ့ရင်ထဲမှာ ...
င့ါ နှလုံးသားတွေထဲမှာ ...
ငါ အတွေးထဲမှာ ...
ငါ့ အိပ်မက်တွေအားလုံးမှာ ...
ငါ့ရဲ့ မနက်ဖြန်တိုင်းဟာ ......
(.............................................)

ဘာပဲဖြစ်ဖြစ် မင်းကို သိစေချင်တာက
အဝေးကချစ်နေတာလဲ အချစ်တစ်ခုဆိုတာပါ ။

လွမ်းဆုလေး


သူ သာ ....

သူ ကမ်းလှမ်းလာတဲ့လက်ကို
ကျွန်မ မလွတ်ခဲ့ပါဘူး
ဒီလက်တစ်စုံကို သူ ကိုယ်တိုင်
ဖြုတ်ချခဲ့တာပါ...

သူထွေးပွေ့လာတဲ့ ရင်ခွင်တစ်ခုကို
ကျွန်မ မငြင်းဆန်ခဲ့ပါဘူး
ဒီရင်ခွင်ကို သူ သာ
အရောင်ဆိုးပစ်ခဲ့တာပါ ...

သူ နမ်းရှိုက်လာတဲ့ ဒီပါးပြင်ကို
ကျွန်မ မကြည်မဖြူ မဖြစ်ခဲ့ပါဘူး
ဒီပါးပြင်ပေါ် မြစ်တစ်စင်းဖြစ်အောင်
သူ သာ ဖန်ဆင်းခဲ့တာပါ ....

သူ ပေးလာတဲ့အချစ်တွေကို
ကျွန်မ မငြိုငြင်ခဲ့ပါဘူး
သူ သာ ....
ကျွန်မ နှလုံးသားတစ်ခုလုံးကို
နင်းခြေပစ်ခဲ့တာပါ ...

လွမ်းဆုလေး


ပုံရိပ်တစ်ခု



 
ငိုနေတဲ့ နှလုံးသားက
ငါ့ရင်ထဲတစ်နေရာမှာမို့များ
မမြင်ခဲ့လေရော့သလား ....

နာကျင်စွာအော်ဟစ်နေတဲ့
ရင်ခွင် အခန်းငယ်ထဲက
ခံစားမှုတွေကို မကြားရလို့များ
လျစ်လျူရှုခဲ့လေသလား.....

မွန်းကျပ်စွာ ဆို့နင့်နေတဲ့
ကြေကွဲမှုတွေကို ထုတ်မပြခဲ့လို့
စိတ်ချင်းညီစွာ မတိုက်ကြည့်ခဲ့လေသလား ...

ငါ့ဘ၀ ငါ့ပုံရိပ် ငါ့အသက်တွေက
မင်း အနားမှာထပ်တူရှိနေခဲ့ပေမယ့်
ငါ နာကျင်ချိန်တိုင်း မင်းမသိခဲ့ဘူး ....
ငါ ငိုကြွေးချိန်တိုင်း မင်း မကြားခဲ့ဘူး ...
ငါ တမ်းတချိန်တိုင်း မင်း မရှိခဲ့ဘူး နော် .....

ငါတို့နှစ်ယောက် တစ်စိတ်ထဲနဲ့
နှစ်ယောက်ပေါင်းမှ အသဲတစ်ခုဖြစ်ခဲ့တာပါ
မင်းတစ်ဝက် ငါ တစ်ဝက်ပိုင်တဲ့
ဒီအသဲပေါ်မှာ မင်း ကိုယ်တိုင်မဟုတ်ပဲ
ပုံရိပ်တစ်ခုသာ ထားခဲ့လေသလား ချစ်သူရယ် .....

မင်း နဲ့ ငါ က
နှလုံးသားတစ်ခုကို တစ်ခြမ်းစီ ပိုင်ပြီး
ဆက်ထားကြတဲ့ ချစ်သူတွေပါ
မင်း ဘက်က ဘယ်လိုပဲဖြစ်ဖြစ်

ငါ....

ငါပိုင်တဲ့နှလုံးသားတစ်ခြမ်းမှာတော့
ငါ့အလွမ်း ငါ့အချစ်တွေနဲ့ အတူ
ငါ့အသက်တွေပါ ပုံချထားပါတယ် ....

လွမ်းဆုလေး

chatting ချစ်သူ

chatting ထဲမှာ ချစ်ခဲ့ကြလို့
တကယ်အချစ်စစ်မဟုတ်ဘူးလို့
ဘယ်သူပြောလဲ .....

online မှာ ဆုံခဲ့ကြလို့
ဖူးစာမဟုတ်ဘူးလို့
ဘယ်သူဆိုမလဲ ....

အပြင်မှာ မဆုံခဲ့ဖူးလို့
မယုံရဘူးလို့
ဘယ်သူတွေအော်ကြမလဲ ...

ဘယ်သူတွေ ဘယ်လိုပဲအော်အော်
ဘယ်သူတွေ ဘာပြောပြော
သေချာတာက
ကျွန်မတို့နှစ်ယောက် သိပ်ချစ်ကြတယ်ဆိုတာပဲ ။

လွမ်းဆုလေး


ငါ ချစ်နေဆဲပါပဲ

သန်းခေါင်ယံညတစ်ခုဆီက
အလင်းရောင်ကို မင်းမြင်နေတဲ့ချိန်မှာ
ငါ့ရင်တစ်ခုလုံး မီးစာတစ်ခုလို
ကျွမ်းလောင်နေခဲ့ပြီ ချစ်သူ .. ။

လှေကားထစ်များလို တစ်ထစ်ချင်း
ငါ့ရင်ကို နင် နင်းလျှောက်ခဲ့လဲ
ငါ ကျေနပ်စွာ ကြည်ဖြုနေခဲ့မိတယ်။

ငါ့ ရဲ့အသဲတွေကို ချိုမြိန်စွာသောက်သုံး
ငါ့အချစ်တွေကို လိုအပ်သလို မင်းအသုံးချနိုင်တယ် ...
မင်းအတွက် ပေးဆပ်တဲ့ ဒီပေးဆပ်မှုက
မင်းတစ်ယောက်ထဲအတွက် ထာဝရဖြစ်နေမှာပါ။

အနီးဆုံးမဟုတ်ပေမယ့် အဝေးဆုံးကို
ထွက်မသွားနိုင်ခဲ့သူ ငါ ...
အချစ်ကြီးသူက ရှုံးမယ်မှန်း သိသိကြီးနဲ့
နင် ရှေ့မှောက် ငါ ....
ဒူးထောက်နေခဲ့တယ် ။

ငါ့ပါးပြင်ထက်က ပူနွေးနေတဲ့
စမ်းချောင်းငယ်လေးတစ်ခုက
အလွမ်းကို သက်သေပြုရင်း
ဟိုအရင်လို မပြောင်းလဲ
ငါ ချစ်နေဆဲပါပဲ ချစ်သူရာ.. ။

လွမ်းဆုလေး

 
နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်